#WorldHealth
Published 06 April 2022

 

အသက် ၆၀ နဲ့ ၇၀ ဝန်းကျင်အသက်အရွယ်တွေမှာ စန္ဒရားတီးလေ့လာသင်ယူခြင်းက ဦးနှောက်ချို့ယွင်းမှုမဖြစ်လာအောင် ထိန်းသိမ်းပေးနိုင်ကြောင်း သုတေသီများကလေ့လာတွေ့ရှိခဲ့ပါတယ်။

 

မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုပြဿနာများဝင်လာတဲ့အခါ ဦးနှောက်ထဲကအာရုံကြောမျှင်လေးတွေတည်ရှိတဲ့ ဦးနှောက်အစိတ်အပိုင်းဟာ ချို့ယွင်းလာတတ်ပါတယ်။

 

စန္ဒရားတီးလေ့ကျင့်သင်ယူခြင်းဖြင့် ထိုဦးနှောက်အစိတ်အပိုင်းကို သန်မာအားကောင်းစေမှာဖြစ်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိခဲ့ကြပါတယ်။

 

အပတ်စဉ် စန္ဒရားတီးလေ့ကျင့်မှုများကို ၆ လတိုင်ပြုလုပ်ခြင်းဖြင့် အကျိုးအာနိသင်ခံစားလာရမှာဖြစ်ပါတယ်။

 

အင်္ဂလန်နိုင်ငံမှာ သတိမေ့လျော့ခြင်းဝေဒနာ(Dementia )အဖြစ်များလာတဲ့ ပြဿနာကြုံတွေ့နေရပြီး ၂၀၄၀ ခုနှစ်မှာ သတိမေ့လျော့ခြင်းဝေဒနာ ခံစားရနိုင်ဖွယ်ရှိတဲ့သက်ကြီးရွယ်အိုအရေအတွက်ဟာ ၈ သိန်းကနေ ၁ သန်းကျော်အထိ ရှိလာနိုင်ပါတယ်။

 

လေ့လာသုံးသပ်ချက်များအရ တေးဂီတတူရိယာတစ်ခုခုကို တီးမှုတ်လေ့ကျင့်ခြင်းက ထိုဝေဒနာကိုကာကွယ်နိုင်တယ်လို့ ဖော်ပြထားကြပါတယ်။

 

ဒါပေမဲ့လေ့လာခဲ့တဲ့သူတွေက ပညာရှင်တွေနဲ့ ငယ်စဉ်ကတည်းက တီးခတ်လာတဲ့သူတွေဖြစ်ပါတယ်။

 

ဒါကြောင့် အသက်ကြီးမှ စန္ဒရားတီးလေ့ကျင့်သင်ယူခြင်းက ဦးနှောက်ကို အထောက်အကူဖြစ်စေလားဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။

 

ဂီတတူရိယာလုံးဝအသုံးမပြုဖူးတဲ့ အသက် ၆၀ မှ ၇၀ ဝန်းကျင်လူ ၁၂၁ ယောက်ကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။

 

စမ်းသပ်မှုမလုပ်ခင်နဲ့ စမ်းသပ်မှုလုပ်ပြီးတဲ့အချိန်မှာ ဦးနှောက်ထဲရှိ fornix လို့ခေါ်တဲ့ အစိတ်အပိုင်းကို စကင်ဖတ်လိုက်ပါတယ်။

 

ထိုအစိတ်အပိုင်းဟာ အာရုံကြောအမျှင်လေးတွေရှိတဲ့နေရာဖြစ်ပြီး အသက်အရွယ်ကြီးလာတဲ့အခါ မှတ်ဉာဏ်သိရှိမှုအပိုင်းမှာ ချို့ယွင်းလာတတ်ပါတယ်။

 

ထိုလူတွေထဲမှတဝက်ကို အပတ်တိုင်းစန္ဒရားသင်ခန်းစာ ၁ နာရီဖြင့် ၆ လအထိသင်ကြားပေးခဲ့ပြီး အိမ်မှာတော့ နေ့စဉ်နာရီဝက်လေ့ကျင့်ခိုင်းခဲ့ပါတယ်။

 

နောက်ထပ်လူတဝက်ကိုတော့ သီချင်းဂီတအမျိုးမျိုးကို နားထောင်ခိုင်းခြင်းသာ ပြုလုပ်စေခဲ့ပြီး လိုက်လံသီဆိုခြင်း၊ တီးမှုတ်ခြင်း၊ လက်ခုပ်တီးခြင်းတို့ကိုတောင် မပြုလုပ်စေခဲ့ပါဘူး။

 

အဲဒီနောက်မှာတော့ စန္ဒရားတီးသင်ယူလေ့ကျင့်နေတဲ့သူတွေမှာ ဦးနှောက်လုပ်ဆောင်မှုကျဆင်းသွားခြင်းမရှိတာကို တွေ့ရှိခဲ့ကြပါတယ်။

 

စန္ဒရားတီးလေ့ကျင့်ခြင်းမရှိတဲ့သူတွေမှာတော့ အာရုံကြောမျှင်များကျဲပါးလာပြီး သတိမေ့လျော့ခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေ ဖြစ်လာနိုင်ချေများနေတာကို တွေ့ခဲ့ရပါတယ်။

 

အသက်အရွယ်ကြီးတဲ့အချိန်မှ ဂီတတူရိယာလေ့ကျင့်သင်ယူခြင်းဟာ ထိရောက်မှုရှိပေမယ့် သင်ယူတဲ့နေရာမှာတော့ စိတ်ပါဝင်စားဖိုတော့လိုအပ်ပါတယ်။

 

ဦးနှောက်လုပ်ဆောင်မှုတိုးတက်လာခြင်းက စန္ဒရားတီးသင်ယူခြင်းနဲ့ဆက်စပ်နေပါတယ်လို့ သုတေသီများက ရေးသားဖော်ပြသွားပါတယ်။

 

Source: Dailymail.
#Yangon_Media_Group