#WorldPolitics
Published 22 March 2022

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'ကို စစ်ရာဇဝတ်ကောင်လို့ ခေါ်ဝေါ်သမုတ်ခဲ့ရာ 'ဘိုင်ဒန်'ရဲ့ပြောကြားချက်က နှစ်နိုင်ငံဆက်ဆံရေးပျက်စီးစေတဲ့ သဘောသက်ရောက်နေကြောင်း ရုရှားတို့က အမေရိကန်သံအမတ်ကို တနင်္လာနေ့က သတိပေးအကြောင်းကြားခဲ့ကြပါတယ်။

 

"အမေရိကန်သမ္မတလို နိုင်ငံတော်အကြီးအကဲတစ်ယောက်ရဲ့ မဆင်မခြင်ပြောကြားချက်တွေကြောင့် ရုရှား-အမေရိကန်ဆက်ဆံရေးဟာ ပျက်စီးလုနီးပါးဖြစ်နေပါပြီ" လို့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ဖော်ပြထားပါတယ်။

 

ရုရှားရဲ့မကျေနပ်ကြောင်းသဘောထားထုတ်ပြန်ချက်ကို အမေရိကန်သံအမတ်'ဂျွန်ဆာလီဗန်'ထံ တရားဝင်စာထုတ်ပြန်ပေးပို့ခဲ့တာဖြစ်ပြီး 'ဘိုင်ဒန်'ရဲ့ပြောဆိုချက်တွေက လက်ခံနိုင်စရာမရှိဘူးလို့ ဖော်ပြထားပါတယ်။

 

ရုရှားအပေါ် ရန်လိုတဲ့သဘောထားပြုမူမှုတွေကို ပြတ်ပြတ်သားသားတုန့်ပြန်သွားမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

 

ယူကရိန်းနိုင်ငံကို စစ်အင်အားသောင်းဂဏန်းဖြင့် ရုရှားတို့က ဝင်ရောက်ကျူးကျော်ခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်က 'ပူတင်'ကို စစ်ရာဇဝတ်တရားခံလို့ 'ဘိုင်ဒန်'ကသတ်မှတ်ပြောကြားခဲ့ပါတယ်။

 

ဝါရှင်တန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'နက်ဒ်ပရိုက်စ်'က "ရုရှားတို့က သူတို့ဘာသာ အကြောင်းပြချက်တွေဖန်တီးပြီး ကျူးကျော်ဖို့စီစဉ်ခဲ့တာပါ။ ယူကရိန်းအပေါ် တရားမျှတမှုမရှိဘဲ အကြောင်းမဲ့သက်သက်တိုက်ခိုက်ခဲ့ကြပါတယ်။ ယူကရိန်းအရပ်သားတွေကိုလည်း ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အထောက်အထားတွေ အတိုင်းသားမြင်တွေ့နေရပါတယ်" လို့ ပြောကြားသွားပါတယ်။

 

ပြီးခဲ့တဲ့အပတ်က 'ဘိုင်ဒန်'ကလည်း "ယူကရိန်းဟာ အပြစ်မဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အပြင် ရုရှားကိုလည်း ဘာခြိမ်းခြောက်မှုမှလုပ်နေတာမဟုတ်ပါဘူး။ အဲဒါကို ရုရှားတို့က ရက်ရက်စက်စက်တိုက်ခိုက်ခဲ့ကြတယ်" လို့ မှတ်ချက်ပြုသွားပါတယ်။

 

ယခုလို ပဋိပက္ခတွေဖြစ်နေတဲ့အချိန်မှာ အဆက်အသွယ်မပြတ်ဖို့အရေးကြီးကြောင်း ပြောကြားလိုက်ပါတယ်။

 

အမေရိကန်သံတမန်တွေအနေနဲ့ ရုရှားမှာထိန်းသိမ်းခံထားရတဲ့ အမေရိကန်လူမျိုးတွေနဲ့ တွေ့ဆုံဆက်သွယ်ခွင့်မရကြောင်းကိုလည်း 'ဆာလီဗန်'က ထောက်ပြပြောဆိုခဲ့ပါတယ်။

 

ထိုအမေရိကန်လူမျိုးတွေထဲမှာ နာမည်ကျော်ဘတ်စ်ကတ်ဘောအားကစားမယ် 'ဘရစ်တနီဂရိုင်နာ'လည်းပါဝင်ကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က မော်စကိုလေဆိပ်မှာ သူ့ရဲ့လက်ဆွဲအိတ်ထဲက ဆေးခြောက်တွေပါဝင်တဲ့ Vape တွေ သယ်ဆောင်လာတာကို တွေ့ရှိခဲ့တာကြောင့် ထိန်းသိမ်းခံခဲ့ရပါတယ်။

 

နောက်ထပ်အမေရိကန် ၂ ယောက်ဖြစ်တဲ့ 'ပေါလ်ဝယ်လန်'နဲ့ 'ထရေဗာရိဒ်'တို့ကိုလည်း လုပ်ကြံစွပ်စွဲထားကြတယ်လို့ ဝါရှင်တန်ကဖော်ပြထားပါတယ်။

 

"သူတို့တွေနဲ့ ဆက်သွယ်ခွင့်မရတာ လနဲ့ချီနေပါပြီ။ ဒါလုံးဝလက်ခံနိုင်စရာမရှိပါဘူး" လို့ 'ပရိုက်စ်'ကဆိုပါတယ်။

 

Source: AFP
#Yangon_Media_Group