#WorldHealth
Published - 22 March 2022
အိုမီခရွန်နဲ့ အခြားမျိုးဗီဇကွဲတွေအား ကာကွယ်နိုင်မယ့် ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို တရုတ်နိုင်ငံမှ ကာကွယ်ဆေးထုတ်လုပ်သူများက အဆင့်မြှင့်တင်ထုတ်လုပ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အပြီးသတ်ထုတ်လုပ်ခြင်းမပြုခင် ဘေးကင်းစိတ်ချရမှုရှိ/မရှိ စမ်းသပ်စစ်ဆေးသွားမှာဖြစ်ပါတယ်။ တရုတ်မှာအသုံးအများဆုံးကာကွယ်ဆေးတွေဟာ ဓာတ်ခွဲခန်းထုတ်သက်မဲ့ဗိုင်းရပ်စ်ဖြင့် ထုတ်လုပ်ထားတဲ့ကိုဗစ်ကာကွယ်ဆေးတွေဖြစ်ပြီး အိုမီခရွန်နဲ့ ဒယ်လ်တာအပါအဝင် မျိုးဗီဇကွဲ ၃ မျိုးအထိ ကာကွယ်ပေးနိုင်မယ့်ဆေးအဖြစ် ပြောင်းလဲစမ်းသပ်ထုတ်လုပ်နေတာဖြစ်ကြောင်း နိုင်ငံတော်ကျန်းမာရေးကော်မရှင်မှ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုအပိုင်းကြီးကြပ်ရေးမှူး 'ကျန်ကျောင်းဝေ'က ပြောကြားလိုက်ပါတယ်။

မျိုးဗီဇကွဲ ၄ မျိုးကို ကာကွယ်နိုင်မယ့် ပရိုတိန်းအခြေပြုနောက်ထပ်ကာကွယ်ဆေးတစ်မျိုးကိုလည်း နိုင်ငံရပ်ခြားမှလူတွေနဲ့စမ်းသပ်ဖို့ ခွင့်ပြုချက်တောင်းခံထားပြီဖြစ်ပါတယ်။
အားလုံးက အိုမီခရွန်ကာကွယ်ဆေးအသုံးပြုချင်နေကြတယ်ဆိုတာ သိရှိနားလည်ထားကြောင်း၊ အိုမီခရွန်ကာကွယ်ဆေးထုတ်လုပ်ဖို့ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ဘေးကင်းစိတ်ချရဖို့ က ပထမဦးစားပေးဖြစ်ကြောင်း စနေနေ့က ပေကျင်းမှာပြုလုပ်တဲ့မီဒီယာရှင်းလင်းပွဲမှာ 'ကျန်ကျောင်းဝေ'က ပြောကြားခဲ့ပါတယ်။

လက်ရှိကာကွယ်ဆေးတွေရဲ့ ရောဂါခုခံနိုင်စွမ်းကို အိုမီခရွန်ကကျော်ဖြတ်နိုင်တယ်ဆိုတာ အချို့ တဝက်လောက်သာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးနှံခြင်းဖြင့် ဆေးရုံတက်ကုသခံယူရမှု၊ ရောဂါပြင်းထန်လာမှုနဲ့ အသက်သေဆုံးမှုတို့ ကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ဆဲဖြစ်ကြောင်း၊ အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံပါက ရောဂါကူးစက်နိုင်ချေကို ပိုပြီးလျှော့ချပေးနိုင်ကြောင်း ရှင်းပြသွားပါတယ်။

အစောပိုင်းစမ်းသပ်ချက်များအရ တရုတ်ကုမ္ပဏီထုတ် ဆိုင်နိုဗက်နဲ့ ဆိုင်နိုဖန်တို့ လို သက်မဲ့ဗိုင်းရပ်စ်အခြေပြုကာကွယ်ဆေးတွေဟာ mRNA ကာကွယ်ဆေးအမျိုးအစားတွေဖြစ်တဲ့ ဖိုင်ဇာနဲ့ မိုဒါနာတို့ လောက် အိုမီခရွန်ကာကွယ်နိုင်စွမ်းမရှိဘူးလို့ တွေ့ရှိထားပါတယ်။

ဒါကြောင့် သက်မဲ့ဗိုင်းရပ်စ်အခြေပြုကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ဒီထက်ကာကွယ်နိုင်စွမ်းပိုကောင်းတဲ့ အားမြှင့်ကာကွယ်ဆေးအမျိုးအစားများထိုးနှံဖို့ သုတေသီများကအကြံပြုထားပါတယ်။

တရုတ်နိုင်ငံမှာ သက်မဲ့ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးထားတဲ့သူတွေကို မတူညီတဲ့အားမြှင့်ကာကွယ်ဆေးအမျိုးအစားထိုးနှံဖို့ ခွင့်ပြုထားပါတယ်။ တရုတ်မှာပင် mRNA ကာကွယ်ဆေးအမျိုးအစားထုတ်လုပ်လျက်ရှိပြီး အမျိုးမျိုးသောကာကွယ်ဆေးတွေကို ရောစပ်ထိုးနှံခြင်းက အိုမီခရွန်ကိုဘယ်လောက်အထိ ကာကွယ်နိုင်လဲဆိုတဲ့အချက်အလက်တွေကို စုဆောင်းထားပါတယ်။

တရုတ်နိုင်ငံရှိလူဦးရေ ၁.၄ ဘီလီယံရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးနှံပြီးသားဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူ ၉၅ ရာခိုင်နှုန်းဟာလည်း ရောဂါအပျော့စားနဲ့ လက္ခဏာမပြသူများဖြစ်ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့သူ ၂ ဦးဟာ အသက် ၆၀ ကျော်တွေဖြစ်ပြီး တစ်ယောက်က ကာကွယ်ဆေးမထိုးထားပါဘူး။ အဆိုပါ ၂ ယောက်စလုံးမှာ ကိုဗစ်ရောဂါအခြေအနေပြင်းထန်ခြင်းမရှိပေမယ့် အခြားရောဂါအခံတွေကြောင့် သေဆုံးရတာဖြစ်ကြောင်း တာဝန်ရှိသူများပြောကြားခဲ့ပါတယ်။

ဟောင်ကောင်မှာ ကိုဗစ်ကြောင့်သေဆုံးသူတွေထဲက ၉၀ ရာခိုင်နှုန်းကျော်က သက်ကြီးရွယ်အိုတွေဖြစ်ကာ ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့သူတွေက ကာကွယ်ဆေးထိုးထားတဲ့သူတွေထက် အသက်သေဆုံးနိုင်ချေ အဆ ၃၀ ကျော်ပိုများပါတယ်။

Source: Bloomberg