#WorldPolitics
Published - 18 March 2022
ယူကရိန်း-ရုရှားစစ်ပွဲဖြစ်ပွားရခြင်းအပေါ် နေတိုး(NATO)အဖွဲ့အား တောင်အာဖရိကသမ္မတ'ဆယ်ရဲလ်ရာမာဖိုဆာ'က ကြာသပတေးနေ့က အပြစ်တင်ပြောကြားလိုက်ပါတယ်။
ရုရှားကိုရှုတ်ချဝေဖန်ဖို့ တောင်းဆိုမှုများကိုလည်း 'ရာမာဖိုဆာ'ကငြင်းဆန်လိုက်တာကြောင့် တောင်အာဖရိကကို ကြားနေဖြန်ဖြေသူအဖြစ်ဆောင်ရွက်ပေးဖို့ ကိစ္စမှာ ယူကရိန်းရော အနောက်နိုင်ငံအနေနဲ့ပါ လက်ခံဖို့ ခက်ခဲသွားနိုင်ပါတယ်။

နေတိုးတပ်ဖွဲ့ တွေ ဥရောပအရှေ့ဘက်ကို တိုးချဲ့လာခြင်းဖြင့် ယင်းဒေသအတွင်း မတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်ကြောင်း တာဝန်ရှိသူခေါင်းဆောင်များရဲ့သတိပေးချက်ကို နေတိုးအဖွဲ့အနေနဲ့လိုက်နာခဲ့ပါက စစ်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ 'ရာမာဖိုဆာ'က ပါလီမန်ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ယူကရိန်းကို ရုရှားတိုကျူးကျော်ခဲ့ခြင်းဟာလည်း အင်အားသုံးအနိုင်ကျင့်တာဖြစ်ပြီး နိုင်ငံတကာဥပဒေကိုချိုးဖောက်ရာကျတဲ့အတွက် တောင်အာဖရိကအနေနဲ့ လက်သင့်ခံစရာမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

ယူကရိန်းစစ်အင်အားကိုဖြိုခွဲရန်၊ လူမျိုးရေးဝါဒဆန့်ကျင်တိုက်ဖျက်ရန်၊ နေတိုးတပ်ဖွဲ့များတိုးချဲ့လာခြင်းကိုကာကွယ်ရန် စတဲ့အကြောင်းပြချက်များဖြင့် ရုရှားတို့အထူးစစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်ကြောင်း ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က ပြောကြားခဲ့ပါတယ်။

ယူကရိန်းကိုချေမှုန်းရန်ရည်ရွယ်ချက်ဖြင့် ရုရှားတိုအကြောင်းမဲ့သက်သက် တိုက်ခိုက်ခဲ့တာဖြစ်မယ်လို့ ယူကရိန်းနဲ့အနောက်မဟာမိတ်နိုင်ငံတွေက ယူဆထားကြပါတယ်။

ဆွေးနွေးညှိနှိင်းမှုတွေက အခြေအနေတိုးတက်မှုရှိကြောင်း 'ပူတင်'ကအခိုင်အမာဆိုထားတယ်လို့ 'ရာမာဖိုဆာ'က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တောင်အာဖရိကသမ္မတဟာ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ မတွေ့ဆုံရသေးပေမယ့် သူနဲ့လည်းပြောဆိုဖို့ဆန္ဒရှိနေပါတယ်။

ရုရှား-ယူကရိန်းအရေးကိစ္စမှာ တောင်အာဖရိကကို ကြားဝင်ဖြန်ဖြေဖို့ တောင်းဆိုခဲ့ကြတယ်လို့ 'ရာမာဖိုဆာ'က သောကြာနေ့က ပြောကြားခဲ့ပေမယ့် ဘယ်သူကအဲဒီလိုတောင်းဆိုသလဲဆိုတာကိုတော့ မထုတ်ဖော်ခဲ့ပါဘူး။

"ရုရှားကို တောင်အာဖရိအနေနဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်သင့်တယ်လို့ တိုက်တွန်းပြောဆိုသူတွေရှိနေပါတယ်။ ကျွန်တော်တို့ ချဉ်းကပ်နေတဲ့နည်းလမ်းက ပြောဆိုဆွေးနွေးဖို့ ပါပဲ။ ပဋိပက္ခကိုဖြေရှင်းရာမှာ အော်ဟစ်ဆူပူနေလို့ ဘာမှမထူးပါဘူး" လို့ 'ရာမာဖိုဆာ'က ဆိုပါတယ်။

၁၉၉၄ ခုနှစ်နောက်ပိုင်း တောင်အာဖရိကမှာ 'ရာမာဖိုဆာ'ရဲ့အာဖရိကအမျိုးသားကွန်ဂရက်ပါတီက အုပ်ချုပ်လာခဲ့တာဖြစ်ပြီး အရင်ဆိုဗီယက်ပြည်ထောင်စုနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိထားဖူးပါတယ်။

ဆိုဗီယက်ပြည်ထောင်စုဟာ စစ်အေးကာလအတွင်း လူမျိုးခွဲခြားရေးဆန့်ကျင်လှုပ်ရှားသူများကို ထောက်ပံ့လေ့ကျင့်ပေးခဲ့ကြပါတယ်။ ဒါကြောင့် အနောက်ပိုင်းရှိ ရုရှားပြိုင်ဘက်တွေကြားမှာ တောင်အာဖရိကကို သံသယဖြင့်စောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းပြီးကတည်းက စီးပွားရေးအင်အားထက် သံတမန်ရေးရာပိုင်းက ပိုပြီးဩဇာလွှမ်းမိုးမှုရှိနေခဲ့ပါတယ်။

တောင်အာဖရိကက ဘယ်ဘက်ကိုမှမလိုက်တာကြောင့် ကြားနေဖြန်ဖြေသူအဖြစ်ဆောင်ရွက်ပေးဖို့ တောင်းဆိုလာကြတာပါဆိုပြီး 'ရာမာဖိုဆာ'က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

"အခြားနိုင်ငံတွေလို အင်အားကြီးနိုင်ငံမျိုးအဖြစ် ဘယ်တော့ကမှ ဟန်ဆောင်မနေခဲ့ပါဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်ကို ပြစ်တင်ရှုတ်ချဖို့ တောင်းဆိုလာမှုတွေရှိနေပါတယ်" လို့ ပြောကြားသွားပါတယ်။
Source: Reuters