Published-6 August 2021
သတင်းမီဒီယာကုမ္ပဏီ စီအင်န်အင်န်က ကာကွယ်ဆေးမထိုးဘဲ အလုပ်လာသူ ဝန်ထမ်း(၃)ဦးကို အလုပ်မှထုတ်ပစ်လိုက်တယ်လို့ ဌာနတွင်း ကြာသပတေးနေ့က ဖြန့်ဝေစာအရ သိရတယ်လို့ ရိုက်တာက သတင်းရေးပါတယ်။
 
စီအင်န်အင်န်ဝန်ထမ်းတွေအားလုံးဟာ အလုပ်လာဖို့ ဒါမှမဟုတ် အခြားဝန်ထမ်းတွေနှင့်အတူ အပြင်ထွက်အလုပ်လုပ်ကြရတာပဲဖြစ်ဖြစ် ကာကွယ်ဆေးထိုးထားဖို့လိုအပ်မှာဖြစ်ပြီး ဒီလိုကိစ္စတွေမှာ ကုမ္ပဏီအနေနှင့် လုံးဝသည်းခံမှာမဟုတ်ဘူးလို့ ရိုက်တာကတွေ့ရတဲ့ ရုံးစာထဲမှာ စီအင်န်အင်န် ဥက္ကဋ္ဌ ဂျက်ဖ်ဇူကာက ပြောထားပါတယ်။
 
“ သတင်းဌာန၊အားကစားဌာနှင့် စတူဒီယိုဌာနက ဝန်ထမ်းတိုင်း အခုကနေ နောင်အထိ ကာကွယ်ဆေးထိုးပြီးသားဖြစ်ရမယ်။ ဒါနှင့်ပတ်သက်ပြီး လပေါင်းများစွာ ရှင်းလင်းပြောကြားပြီးဖြစ်တယ်။ ဘာမှရှုပ်ထွေးမနေသင့်ဘူး” လို့ ရုံးတွင်းစာထဲမှာ ဖော်ပြထားပါတယ်။
ရုံးထဲဝင်လာရင် ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြသရတာဟာ ပုံမှန်လုပ်ငန်းစဉ်တစ်ခုရဲ့ အစိတ် အပိုင်းဖြစ်နေပါပြီလို့ စီအင်န်အင်န်ကဆိုပါတယ်။အရင်ကတော့ ဂုဏ်သိက္ခာစနစ်နှင့်ပဲသွားခဲ့တာပါ။
 
ရုံးတွေပြန်တက်ရမယ့်ရက်ကို အရင်က စက်တင်ဘာ၇ သတ်မှတ်ခဲ့ပေမယ့် ကိုဗစ်-၁၉ကူးစက်မှုတွေ များနေတာကြောင့် အောက်တိုဘာ လလယ်ခန့်ထိ ရွှေ့ဆိုင်းဖို့ စီအင်န်အင်န်က ဆုံးဖြတ်ခဲ့ပါတယ်။ လော့အင်ဂျလိ၊ဝါရှင်တန်ဒီစီနှင့် အတ္တလန်တာ ရုံးတွေမှာ mask တွေ မဖြစ်မနေတပ်ဖို့ ညွှန်ကြားထားပါတယ် လို့ ဇူကာက ရုံးစာထဲမှာပြောထားပါတယ်။
ဒါပေမယ့် အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်း(၃)ဦးဟာ ဘယ်ရုံးကလဲဆိုတာကိုတော့ စာထဲမှာ ဖော်ပြမထားပါဘူး။
 
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကုမ္ပဏီတော်တော်များများဟာ ကာကွယ်ဆေးထိုး Mask တပ်ပြီး အလုပ်ပြန်ဝင်ကြဖို့ သူတို့ရဲ့ အစီအစဉ်ကို ကိုဗစ်ကူးစက်မှုအသစ်တွေနှင့် စီဒီစီရဲ့ လမ်းညွန်မှုအသစ်တွေ ဥပမာ ကာကွယ်ဆေးထိုးပြီးသူတွေလည်း mask တပ်ဖို့လိုအပ်တယ်ဆိုတာမျိုး ကြောင့် ပြောင်းလဲခဲ့ရပါတယ်။
စီအင်န်အင်န်က သူ့ရုံးအများစုမှာ ကာကွယ်ဆေးထိုးပြီးတဲ့ ဝန်ထမ်းတွေကို မိမိဆန္ဒအလျောက် ရုံးလာတက်ခွင့် လက်ရှိပေးထားပါတယ်။
 
Source: Reuters