#WorldPolitics
Published - 04 March 2022
ရုရှားနဲ့စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ကာလမှာ နိုင်ငံတော်လုံခြုံရေးကိစ္စတွေကို ပိုပြီးစိုးရိမ်ပူပန်နေရတဲ့အတွက် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်ဖြစ်မြောက်ရေးက အခုအချိန်မှာ ယူကရိန်းအတွက်အဓိကမဟုတ်ကြောင်း ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇဲလန်စကီ'က ကြာသပတေးနေ့က ဝန်ခံလိုက်ပါတယ်။

"အခုအချိန်မှာ ယူကရိန်းအနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးက အဓိကမကျဘူးလို့ ကျွန်တော်ထင်ပါတယ်။ အရေးကြီးဆုံးက နိုင်ငံတော်လုံခြုံရေးနဲ့စစ်ပွဲအခြေအနေတွေပါပဲ။ ဒါပေမဲ့ ယူကရိန်းအပေါ် သူတို့ရဲ့သဘောထားပြသမှုကလည်း အရေးပါတဲ့ထောက်ပံ့မှုဖြစ်ပါတယ်" လို့ 'ဇဲလန်စကီ'က ပြောကြားသွားတာဖြစ်ပါတယ်။

ယူကရိန်းကို တရားဝင်ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုချက်တင်သွင်းပြီး ရက်ပိုင်းအကြာမှာ 'ဇဲလန်စကီ'က အခုလိုပြောကြားလာတာဖြစ်ပါတယ်။
ယူကရိန်းကို အဖွဲ့ဝင်အဖြစ်အမြန်ဆုံးလက်ခံသွားဖို့ 'ဇဲလန်စကီ'က တနင်္လာနေ့က တောင်းဆိုလိုက်ပြီး နောက်တစ်နေ့ဥရောပပါလီမန်၌ မိန့်ခွန်းပြောကြားရာမှာလည်း အဖွဲ့ဝင်ဖြစ်မြောက်ရေးကို အားဖြည့်ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

"သင်တို့က ကျွနိုပ်တို့နဲ့အတူရှိနေပြီး လက်လွှတ်မခံနိုင်ဘူးဆိုတာကို သက်သေပြပေးပါ။ တကယ့်ဥရောပသားတွေဖြစ်တယ်ဆိုတာကို သက်သေပြပေးပါ။ ဘဝရှင်သန်ခြင်းက သေဆုံးခြင်းတရားကို အနိုင်ယူပြီး အမှန်တရားက အကြောက်တရားကို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြပေးပါ" လို့ 'ဇဲလန်စကီ'ကပြောကြားခဲ့ရာ အားလုံးက မတ်တပ်ရပ်ပြီးလက်ခုပ်ဩဘာပေးခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဥရောပသမဂ္ဂထိပ်သီးအရာရှိတွေက ယူကရိန်းအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ဖို့ကိစ္စမှာ နှောင့်နှေးနေကြကြောင်း၊ အဖွဲ့ဝင်ဖြစ်လာဖို့အရေးက ချက်ချင်းအထမမြောက်နိုင်သလို နှစ်တွေအများကြီးကြာသွားနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

လက်ရှိဥရောပသမဂ္ဂအဖွဲ့ထဲကို အဖွဲ့ဝင်အသစ်တွေဝင်ရောက်လာဖို့က ဖြတ်လမ်းနည်းမရှိပါဘူး။အဖွဲ့ဝင်ဖြစ်လာရန် ဝင်ရောက်ဖို့လျှောက်ထားတဲ့နိုင်ငံတွေအနေနဲ့ နိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေမှာ သတ်မှတ်ချက်တွေပြည့်မီဖို့လိုပါတယ်။

ယူကရိန်းနိုင်ငံရှိ အနောက်နိုင်ငံအဖွဲ့လိုလားသူနိုင်ငံရေးသမားတွေကြားမှာ ယူကရိန်းအနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်မြောက်ရေးအကြောင်းကို နှစ်ပေါင်းများစွာတိုင်အောင် ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

သို့ပေမယ့်လက်တွေ့မှာတော့ အောင်မြင်မှုမရသေးပါဘူး။ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်မြောက်ရေးဟာ ၂၀၁၄ တော်လှန်ရေးအဖြစ်အပျက်များရဲ့ အဓိကအချက်တစ်ချက်ဖြစ်နေပါတယ်။


ယူကရိန်းတပ်ဖွဲ့များက ပုန်ကန်ရေးနယ်မြေများဖြစ်တဲ့ ဒိုနက်စ်နဲ့လူဟန့်စ်က်ဒေသများကို ချေမှုန်းရန်ကြိုးပမ်းခဲ့ပြီးနောက် ယူကရိန်းအရှေ့ဘက်ဒေသတွေမှာ နှစ်ရှည်လများပဋိပက္ခတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။
Source: RT