Published 02 March 2022

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ မှားယွင်းစွာတွက်ချက်ပြီး အိမ်နီးချင်းနိုင်ငံထဲကို စစ်တပ်တွေကျူးကျော်ဖို့ အမိန့်ပေးခဲ့တယ်။သူဟာ လွတ်လပ်ကမ္ဘာကြီးရဲ့ အုတ်မြစ်တွေကို လှုပ်ခါပစ်ဖို့ကြိုးစားခဲ့တယ်လို့  အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။

“ ကျွန်တော်တို့ရဲ့သမိုင်းတစ်လျှောက် သင်ခန်းစာတွေရယူခဲ့ကြတယ်။ အာဏာရှင်တွေဟာ သူတို့ရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ အတွက်  တန်ကြေးမပေးဆပ်ကြတဲ့အခါ  သူတို့ဟာပိုပြီး ဖရိုဖရဲဖြစ်ကြတယ်” လို့ ဘိုင်ဒင်က အင်္ဂါနေ့ညက ကပ္ပီတယ်လ်ဟေးလ်မှာပြုလုပ်တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပူတင်ဟာ အကြမ်းဖက်မှုနှင့်ပရမ်းပတာဖြစ်မှုတွေကို လုပ်ဆောင်ခဲ့တယ်။ သူဟာ စစ်မြေပြင်မှာတော့ အနိုင်ရကောင်းရမယ်။ ဒါပေမယ့် ရေရှည်မှာ သူဟာ တန်ဖိုးကြီးကြီးဆက်လက်ပေးဆပ်နေရဦးမယ် လို့ ဘိုင်ဒင်ကဝေဖန်ပါတယ်။

“ (ပူတင်)က သူ့အနေနှင့် ယူကရိန်းထဲ လှိမ့်ဝင်သွားနိုင်ပြီး အဲသလိုနှင့် ကမ္ဘာကြီးက ပြီးသွားမယ်လို့ သူထင်ခဲ့တယ်။ အဲဒီအစား သူဟာ သူလုံးဝထင်မထားတဲ့ သန်စွမ်းတဲ့ နံရံကြီးတစ်ခုနှင့််တွေ့ခဲ့ရတယ်” လို့ ဘိုင်ဒင်ကဆက်ပြောပါတယ်။

သူက ယူကရိန်းအစိုးရကို ဝါရှင်တန်က မယိမ်းယိုင်တဲ့ ထောက်ပံ့မှုတွေဆက်ပေးဖို့ ထပ်လောင်းပြောဆိုခဲ့ပြီး ငွေကြေးနှင့် စစ်ရေးအကူတွေပိုပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ယူကရိန်းရဲ့မြေပေါ်ကနေ ရုရှားကိုဆန့်ကျင်ဖို့ အမေရိကန်တပ်တွေ လွှတ်ပေးမယ့်စိတ်ကူးကိုတော့ သူကခိုင်မာစွာ ပယ်ချခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ အမေရိကန်မြေပြတပ်တွေကို တပ်ရွှေ့ပြောင်းပေးခဲ့တယ်။ လေကြောင်းတပ်တွေနှင့် သင်္ဘောတွေကို  ပိုလန်၊ရိုမေးနီးယား၊လက်တီဗား၊လစ်သူရေးနီးယားနှင့် အက်စတိုးနီးယားအပါအဝင် နေတိုးနိုင်ငံတွေကို ကာကွယ်ဖို့ ဖြန့်ကျက်ချထားတယ်။ အမေရိကန်နှင့်ကျွန်တော်တို့ရဲ့မဟာမိတ်တွေဟာ ပိုင်နက်ကို တစ်လက်မတိုင်းအတွက် ကာကွယ်သွားမှာဖြစ်တယ်။ ဒါဟာနေတိုးရဲ့ပိုင်နက် ၊ ကျွန်တော်တို့ရဲ့စုပေါင်းအင်အားအပြည့်နှင့်အတူရှိနေတယ်” လို့ သူကဆက်ပြောပါတယ်။

အဲဒီအပြင်ဘိုင်ဒင်က ရုရှားလေယာဉ်တွေအားလုံးအတွက် အမေရိကန်လေပိုင်နက်ပျံသန်းခွင့်ပိတ်ပင်ကြောင်းလည်း ကြေညာခဲ့ပါတယ်။ ဥရောပသမဂ္ဂနှင့်အနောက်မဟာမိတ်တွေက ပြုလုပ်ခဲ့ကြတဲ့အတိုင်းဖြစ်ပါတယ်။

 Source Agencies/RT