Published-2 August 2021
မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်ယာဆင်ဟာ ပါလီမန်အစည်းအဝေးတွေကို ရွှေ့ဆိုင်းလိုက်ပြီးနောက် မလေးရှားအတိုက်အခံ ပါလီမန်အမတ်တွေဟာ ဩဂုတ်၂ရက် တနင်္လာနေ့မှာ ပါလီမန်အဆောက်အဦးဆီကို ချီတက်သွားပြီး ဝန်ကြီးချုပ်ကို နှုတ်ထွက်ဖို့တောင်းဆိုကြပါတယ်။
 
မူယစ်ဒင်က ကိုဗစ်-၁၉ကူးစက်မှုတွေကိုအကြောင်းပြပြီး တနင်္လာနေ့မှာကျင်းပရမယ့် နောက်ဆုံးပါလီမန်အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ပါတယ်။ အတိုက်အခံတွေကတော့ သူ့ရဲ့ခေါင်းဆောင်မှုအတွက် ဘယ်စိန်ခေါ်မှုမဆို ပိတ်ဆို့ဖို့ နိုင်ငံရေးအရ သူလုပ်တာလို့ ပြောဆိုနေကြပါတယ်။
 
“မူယစ်ဒင်ဟာ ဒီကနေ့မှာ ဝန်ကြီးချုပ်အဖြစ်ကနေ ကျဆုံးသွားပါပြီ” လို့ အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်က မိန့်ခွန်းပြောပါတယ်။
အခြေခံဥပဒေနှင့် ဘုရင့်အမိန့်ဒီကရီတွေကိုဆန့်ကျင်တဲ့အတွက် ဝန်ကြီးချုပ်က နှုတ်ထွက်ပေးဖို့ကိစ္စ အတိုက်အခံအမတ် ၁၀၇ဦးက ညီညီညွတ်ညွတ်ကြိုးစားနေတယ်လို့ သူကပြောပါတယ်။
 
“ ဒီနည်းလမ်းကသာ ကာလရှည်ကြာနေတဲ့ နိုင်ငံရေးဝရုန်းသုန်းကားဖြစ်နေတာကို အဆုံးသတ်နိုင်ပြီး လွန်ခဲ့တဲ့၁၇လလောက်ကတည်းက ရင်ဆိုင်နေကြရတဲ့ နိုင်ငံရဲ့ ကျန်းမာရေး၊စီးပွားရေး၊ လူမှုပြသနာတွေကို ဖြေရှင်းနိုင်ဖို့ အာရုံစိုက်လုပ်ဆောင်နိုင်ကြမယ်” လို့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်က မဟာသီယာ နှုတ်ထွက်ပြီး ၂၀၂၀မတ်လမှာ မူယစ်ဒင်အာဏာရပြီးကတည်းက မလေးရှားမှာ နိင်ငံရေးမှာ အသားမကျတဲ့အခြေအနေတွေကြုံနေကြရတာဖြစ်ပါတယ်။
မူယစ်ဒင်ဟာ အစိုးရဖွဲ့ဖို့ အများစုမဲကိုပွတ်ကာသီကာရခဲ့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ကပ်ရောဂါကာလမှာ အစိုးရဟာ မတည်ငြိမ်တဲ့ ညွန့်ပေါင်းအစိုးရအဖြစ်ဦးတည်သွားစေခဲ့ပါတယ်။
 
ဇန်နဝါရီကတည်းက အရေးပေါ်အခြေအနေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေဟာ သူ့ကိုအသိမပေးပဲထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ပြောပြီး အစိုးရရဲ့ အဲဒီဥပဒေတွေပြန်ရုပ်သိမ်းခဲ့တဲ့အပေါ် မလေးရှားဘုရင်က လုပ်တောင့်လုပ်ခဲ ပြစ်တင်ဆူပူမှုတွေ လုပ်ခဲ့ ပါတယ်။ အဲဒီနောက် မူယစ်ဒင်ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုလာကြတာဖြစ်ပါတယ်။
 
မလေးရှားဘုရင်က ကပ်ရောဂါကို ကိုင်တွယ်တာနှင့်ပတ်သက်တဲ့ အမိန့်စည်းကမ်းတွေကို ပြန်ရုပ်သိမ်းသင့် မသိမ်းသင့် ပါလီမန်မှာဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အစိုးရက မလိုအပ်ပါဘူးလို့ပြောခဲ့ပါတယ်။
 
အတိုက်အခံခေါင်းဆောင် အန်ဝါက ဘုရင့်ရဲ့ မှတ်ချက်စကားအပြီးမှာ မူယီဒင်အပေါ် အယုံအကြည်မရှိအဆို တင်ခဲ့ပါတယ်။
ပါလီမန်အစည်းအဝေးဖျက်သိမ်းလိုက်တဲ့အတွက် အဲဒီအဆိုကို ပါလီမန်မှာ မဲပေးဖို့ ကိစ္စ ရှင်းရှင်းလင်းလင်းမသိရပဲဖြစ်သွား ရတယ်လို့ ရိုက်တာကရေးသားပါတယ်။
 
Source:Reuters