#WorldPolitics
Published 28 February 2022

 

ယူကရိန်းနိုင်ငံအတွက် ဥရောပမှ ယူရိုသန်း ၄၅၀ တန် စစ်လက်နက်ပစ္စည်းများနှင့် တိုက်ခိုက်ရေးလေယာဉ်များကို ပိုလန်နိုင်ငံကနေတဆင့် ပို့ဆောင်သွားမှာဖြစ်ကြောင်း ဥရောပသမဂ္ဂမှနိုင်ငံခြားရေးဆိုင်ရာ အထူးကိုယ်စားလှယ်'ဂျိုဆပ်ဘော်ရယ်လ်'က ဖော်ထုတ်ပြောကြားလိုက်ပါတယ်။

 

ဒါ့အပြင် ရုရှားဗဟိုဘဏ်ရဲ့ အရန်ငွေကြေးတဝက်ခန့်ဟာလည်း လည်ပတ်ခြင်းမရှိတော့ကြောင်း ပြောပြခဲ့ပါတယ်။
ဥရောပသမဂ္ဂ(EU) ကော်မရှင်ဥက္ကဌ'အူဆူလာဗွန်ဒါလိုင်ယန်'က ယူကရိန်းအတွက် လက်နက်များနဲ့ပစ္စည်းများ ဝယ်ယူပို့ဆောင်ခြင်းအတွက် EU မှ ငွေကြေးထောက်ပံ့သွားမှာဖြစ်ကြောင်း ကြေညာသွားပါတယ်။

 

လက်နက်ခဲယမ်းပစ္စည်းများနဲ့ တိုက်ခိုက်ရေးယာဉ်များအတွက် ယူရိုသန်း ၄၅၀ အသုံးပြုသွားမည်ဖြစ်ပြီး လောင်စာဆီနဲ့ ဆေးဝါးကုသထောက်ပံ့မှုအတွက် ယူရိုသန်း ၅၀ အသုံးပြုသွားမှာဖြစ်တယ်လို့ 'ဘော်ရယ်လ်'က ဖွင့်ဟပြောဆိုလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး'ဒီမီထရိုကူလ်ဘာ'က ယူကရိန်းလေယာဉ်မှူးများ မောင်းနှင်အသုံးပြုနိုင်မယ့် တိုက်လေယာဉ်များပံ့ပိုးပေးဖို့တောင်းဆိုခဲ့ရာ အဆိုပါတိုက်လေယာဉ်များကို EU နိုင်ငံအချို့ကနေ ဝယ်ယူရရှိနိုင်ပါတယ်။

 

ယူကရိန်းလေကြောင်းတပ်ဖွဲ့က တိုက်ခိုက်ရေးအတွက် အသုံးပြုနေတဲ့တိုက်လေယာဉ်များမှာ ဆိုဗီယက်ထုတ် MiG-29 နဲ့ Sukhoi Su-24 ၊ Su-25 ၊ Su-27 တို့ဖြစ်ပါတယ်။

 

Su-25 က ဘူလ်ဂေးရီးယားတို့အသုံးပြုတဲ့ယာဉ်ဖြစ်ပြီး MiG-29 ကိုတော့ ပိုလန်၊ ဘူလ်ဂေးရီးယား၊ ဆလိုဗေးကီးယားတို့က အသုံးပြုကြတာကြောင့် ယူကရိန်းတို့လိုအပ်တဲ့တိုက်လေယာဉ်များကို ထိုနိုင်ငံများမှ ရရှိနိုင်ဖွယ်ရှိနေပါတယ်။

 

'ဘော်ရယ်လ်'က ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုများကို ပိုလန်ကနေတဆင့် ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ယူကရိန်းနိုင်ငံထဲသို့ တိုက်လေယာဉ်တွေကို ပျံသန်းမောင်းနှင်ပြီးပို့မှာလား ဒါမှမဟုတ် နယ်စပ်မှဖြတ်ပြီး ပို့ဆောင်မှာလားဆိုတာကိုတော့ မပြောပြသွားပါဘူး။

 

ရုရှားနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားတာကြောင့် ရုရှားဗဟိုဘဏ်ရဲ့အရန်ငွေကြေးထားရှိမှုတဝက်ခန့်ဟာ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း EU မှ ထိပ်သီးသံတမန်တစ်ဦးက ဆိုပါတယ်။

 

ကျန်တဝက်ကတော့ ရုရှားနိုင်ငံ ဒါမှမဟုတ် အခြားတနေရာရာမှာရှိနေတာကြောင့် EU က ပိတ်ပင်လို့မရပါဘူး။
EU နိုင်ငံတစ်နိုင်ငံချင်းစီအပြင် ယူကေနဲ့အမေရိကန်တို့ကလည်း ဒီရက်ပိုင်းမှာယူကရိန်းထံသို့ စစ်ရေးထောက်ပံ့မှုတွေပေးဆောင်ဖို့ ကတိပေးပြောကြားခဲ့ကြပါတယ်။

 

EU အဖွဲ့အစည်းအနေနဲ့ ဒီလိုထောက်ပံ့ကူညီတာဟာ မကြုံစဖူးအဖြစ်မျိုးဖြစ်နေပါတယ်။ရုရှားနိုင်ငံက ယူကရိန်းကိုစစ်ရေးကျူးကျော်တာ ၄ ရက်မြောက်ရှိနေပြီဖြစ်ပါတယ်။နေတိုး(NATO)အဖွဲ့ထဲ ယူကရိန်းဝင်ရောက်ပူးပေါင်းမှုကို ဆွေးနွေးညှိနှိုင်းရာမှာ အောင်မြင်ခြင်းမရှိခဲ့တဲ့နောက် အခုလိုကျူးကျော်တိုက်ခိုက်မှုတွေ မြင်တွေ့လာရတာဖြစ်ပါတယ်။

 

ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ထဲဝင်ရောက်ဖို့ကိစ္စကို ရုရှားတို့က နိုင်ငံလုံခြုံရေးအရ လက်ခံနိုင်စရာမရှိဘူးလို့ ယူဆထားပါတယ်။ယူကရိန်းနဲ့ရုရှားတို့မှ ကိုယ်စားလှယ်အဖွဲ့များက ကြိုတင်ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ဘီလာရုစ်နိုင်ငံမှာ တနင်္လာနေ့တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေကြပါတယ်။

 

Source: RT
#Yangon_Media_Group