#WorldHealth
Published 27 February 2022

 

အိုမီခရွန်မျိုးဗီဇကွဲရဲ့ မျိုးနွယ်ခွဲ BA.2 ဟာ မူလအိုမီခရွန်ထက် ရောဂါပိုမိုဆိုးရွားနိုင်တာမျိုး ဖြစ်ပေါ်နိုင်ကြောင်း ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေနဲ့ တိရိစ္ဆာန်စမ်းသပ်မှုများမှတဆင့် သိရှိရပါတယ်။

 

အင်္ဂလန်နဲ့ ဒိန်းမတ်တို့ရဲ့ အစောပိုင်းလေ့လာချက်များအရ BA.2 မျိုးနွယ်ခွဲက မူလအိုမီခရွန် BA.1 ထက် ၃၀ ရာခိုင်နှုန်း ပိုမိုကူးစက်မြန်ကြောင်း တွေ့ရှိခဲ့ပြီး အခုအချိန်မှာ ကမ္ဘာတဝန်းကိုဗစ်ကူးစက်မှုအားလုံးရဲ့ ၅ ပုံ ၁ ပုံလောက် BA.2 ကူးစက်ခြင်းခံနေရကြောင်း WHO က ဖော်ပြထားပါတယ်။

 

ကမ္ဘာအနှံ့မှာ ကိုဗစ်ကူးစက်မှုနှုန်းလျော့နည်းလာပြီဖြစ်ပေမယ့် BA.2 ကူးစက်မှုတွေကတော့ မြင့်တက်နေပါတယ်။
အနည်းဆုံးနိုင်ငံ ၄၃ နိုင်ငံမှာ BA.2 က မူလအိုမီခရွန်ထက် ကူးစက်သူပိုများလာပြီး နောက်ထပ်ကပ်ရောဂါလှိုင်းဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြရကြောင်း ဘော့စ်တွန်ရှိ ဗိုင်းရပ်စ်နှင့်ကာကွယ်ဆေးသုတေသနစင်တာမှ ညွှန်ကြားရေးမှူး ဒေါက်တာ'ဒန်ဘရက်ချ်'က ဆိုပါတယ်။

 

BA.1 လိုပဲ BA.2 မျိုးနွယ်ခွဲဟာလည်း ကာကွယ်ဆေးမှရရှိတဲ့ရောဂါခုခံအားကို ခံနိုင်ရည်ရှိတယ်လို့ သိရှိထားပေမယ့် အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံခြင်းဖြင့် ရရှိထားတဲ့ခုခံနိုင်စွမ်းနဲ့ ကိုဗစ်ကုသရေးဆေးတွေကတော့ ထိရောက်စွာကာကွယ်ပေးနိုင်ဆဲဖြစ်ပါတယ်။

 

BA.2 က အခုအချိန်မှာ ပိုမိုလွှမ်းမိုးနေပြီဖြစ်ပေမယ့် ဆေးရုံတက်ကုသခံယူရမှုနှုန်းနဲ့ အသက်သေဆုံးမှုနှုန်းကတော့ များလာဖွယ်မရှိဘူးလို့ ကနေဒါရှိ ကာကွယ်ဆေးနှင့်ကူးစက်ရောဂါအဖွဲ့အစည်းမှ အိန်ဂျလာရက်စ်မူဆန်က လေ့လာတွေ့ရှိထားပါတယ်။

 

အမေရိကန်၊ အင်္ဂလန်၊ ဒိန်းမတ်တိုလိုနိုင်ငံတွေမှာ BA.1 ကူးစက်မှုမြင့်မားနေချိန်မှာပဲ BA.2 ကလည်း အရှိန်မြင့်ကူးစက်နေပြီဖြစ်ပါတယ်။

 

"BA.1 ကူးစက်မှုအမြင့်ဆုံးအချိန်တုန်းက ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေ၊ အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့သူတွေ၊ အိုမီခရွန်ကူးစက်ခံရသူတွေရှိခဲ့ပါတယ်။ အခုဆိုရင် လူအများစုက ရောဂါခုခံပေးတဲ့ပဋိပစ္စည်းပမာဏ များလာပြီဖြစ်ကာ ရောဂါကူးစက်မှုတွေကို ခံနိုင်ရည်ရှိလာမှာဖြစ်ပါတယ်" လို့ ရက်စ်မူဆန်က ဆိုပါတယ်။

 

ဒီလေ့လာတွေ့ရှိချက်တွေဟာ ပြင်ပကျွမ်းကျင်သူတွေမှ သုံးသပ်ပြီးစီးခြင်းမရှိသေးဘဲ အွန်လိုင်းသုတေသနအချက်အလက်တစ်ခုမှာ စာကြမ်းတင်ပြထားတာဖြစ်ပါတယ်။

 

Source: CNN.
#Yangon_Media_Group