#WorldPolitics
Published 26 February 2022

 

အခုဖြစ်ပျက်နေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး စတင်ညှိနှိုင်းသွားဖို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇဲလန်စကီ'အသင့်ရှိနေကြောင်း သူ့ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။

 

ဒါ့အပြင် ဆွေးနွေးပွဲကျင်းပသွားမယ့်နေရာနဲ့အချိန်ကို ညှိနှိုင်းဖို့ ယူကရိန်းဘက်က ရုရှားနဲ့ဆက်သွယ်ပြောဆိုနေကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

 

ညှိနှိုင်းချက်တွေဆွေးနွေးဖို့ ကနဦးသဘောတူပြီးတဲ့အချိန်မှာ ယူကရိန်းခေါင်းဆောင်ဘက်က အသံတိတ်နေခဲ့တယ်လို့ ရုရှားတို့က အကြောင်းကြားထားပါတယ်။

 

"ညှိနှိုင်းဖို့ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကျွန်တော်တို့ချေပသွားမှာပါ" လို့ 'ဇဲလန်စကီ'ရဲ့ပြောရေးဆိုခွင့်ရှိသူ 'ဆာဂျီနိုက်ကီဖိုရော့ဗ်'က စနေနေ့က ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။

 

ရုရှားတို့နဲ့ဆွေးနွေးရာမှာ အစ္စရေးလ်ကို ကြားနေဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးဖို့ 'ဇဲလန်စကီ'နဲ့ အစိုးရအဖွဲ့က တောင်းဆိုခဲ့ကြောင်းလည်း ယူကရိန်းဘက်ကအတည်ပြုထားပါတယ်။

 

ဒီအကြောင်းနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်'ယက်ဗ်ဟန်ကော်ညီချက်'က New York Times သတင်းဌာနကိုပြောကြားရာမှာ အစ္စရေးလ်က တုန့်ပြန်ဖြေကြားခြင်းမရှိသေးကြောင်း၊ မကူညီဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း၊ ဒီပွဲမှာ သူတို့ကဘယ်နေရာက ပါဝင်ရမလဲဆိုတာကို မှန်းဆနေတာဖြစ်နိုင်ကြောင်း၊ ယူကရိန်းရော ရုရှားနဲ့ပါ ဆက်ဆံရေးအဆင်ပြေတဲ့ တစ်ခုတည်းသောဒီမိုကရက်တစ်နိုင်ငံက အစ္စရေးလ်သာဖြစ်တယ်လို့ ယုံကြည်ထားကြောင်း ရှင်းပြသွားပါတယ်။

 

ဒီမတိုင်ခင်နေ့တုန်းက သောကြာနေ့မှာ ဆွေးနွေးညှိနှိုူင်းဖို့ကိစ္စကို ယူကရိန်းဘက်က ငြင်းဆိုလိုက်ကြောင်း၊ ဆွေးနွေးဖို့ကိစ္စကို စနေနေ့ရောက်တဲ့အထိရွှေ့ဆိုင်းဖို့ ယူကရိန်းကအကြံပြုခဲ့ကြောင်း ရုရှားနိုင်ငံခြားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'မာရီယာဇာခါရိုဗာ'က ပြောဆိုခဲ့ပါတယ်။

 

ရုရှားတို့က ဆွေးနွေးပွဲပြုလုပ်မယ့်နေရာကို ဘီလာရုစ်မြို့တော်မင့်စ်က်မှာပြုလုပ်ဖို့ အကြံပြုခဲ့ပေမယ့် 'ဇဲလန်စကီ'က ပိုလန်မြို့တော်ဝါဆောမှာ ပြုလုပ်ဖို့ပြောခဲ့ပြီးနောက် အသံတိတ်နေခဲ့တယ်လို့ ရုရှားစစ်အစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ 'ဒီမစ်ထရီပက်စ်ကော့ဗ်'က သောကြာနေ့အစောပိုင်းက ဆိုပါတယ်။

 

ယူကရိန်းတို့ရဲ့ အမျိုးသားရေးဝါဒကိုလည်းစွပ်စွဲလိုက်ကာ လူနေအရပ်တွေမှာ ဒုံးကျည်လက်နက်တွေတပ်ဆင်ထားခြင်းက အရပ်သားထိခိုက်မှုတွေရှိလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

 

သောကြာနေ့အစောပိုင်းက ယူကရိန်းသမ္မတ နိုင်ငံတော်မိန့်ခွန်းပြောကြားရာမှာ ယူကရိန်းတို့ကြားနေရေးကိစ္စနဲ့ပတ်သက်ပြီး ရုရှားနဲ့တွေ့ဆုံဆွေးနွေးဖို့ ကြောက်ရွံ့နေမှာမဟုတ်ကြောင်း၊ သို့ပေမယ့် ပြင်ပအဖွဲ့အစည်းတစ်ခုမှ လုံခြုံရေးအာမခံချက်အလိုရှိကြောင်း၊ နေတိုး(NATO)တပ်ဖွဲ့တွေနဲ့ ဥရောပခေါင်းဆောင်တွေကလည်း ယူကရိန်းကိုစွန့်ခွာသွားကြပြီး တစ်ယောက်တည်းခုခံနေရကြောင်း ပြောကြားသွားပါတယ်။

 

ယူကရိန်းအုပ်ချုပ်မှုအောက်မှခွဲထွက်လာပြီး လွတ်လပ်တဲ့နယ်မြေများအဖြစ် အသိအမှတ်ပြုခြင်းခံထားရတဲ့ ဒိုနက်စ်ပြည်သူ့သမ္မတနိုင်ငံနဲ့ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံတို့က ရုရှားသမ္မတ'ပူတင်'ထံ စစ်ရေးအကူအညီတောင်းခံခဲ့ပါတယ်။

 

ယူကရိန်းရဲ့ စစ်တပ်အင်အားကိုဖြိုခွင်းပြီး ရန်လိုတိုက်ခိုက်မှုတွေကနေ ပြည်သူတွေကိုကာကွယ်ပေးရန် အကြောင်းပြချက်နဲ့ ကြာသပတေးနေ့နံနက်အစောပိုင်းမှာ ရုရှားတို့က ဒွန်ဘက်စ်ဒေသသို့ အထူးစစ်ဆင်ရေးဆောင်ရွက်ချက်ဖြင့် ကျူးကျော်တိုက်ခိုက်လာပါတယ်။

 

စစ်ဆင်ရေးပစ်မှတ်အတိအကျအတိုင်း ယူကရိန်းနိုင်ငံရှိ စစ်ရေးအချက်အခြာနေရာတွေကို ဖြိုခွင်းခဲ့ပြီးနောက် ရုရှားတပ်တွေက အဓိကမြို့ကြီးများသို့ ဆက်လက်ချီတက်လာခဲ့ကာ မြို့တော်ကိဗ်နဲ့ နီးစပ်လာနေပြီဖြစ်ပါတယ်။

 

ဒီကျူးကျော်မှုကိုတုန့်ပြန်တဲ့အနေနဲ့ အနောက်နိုင်ငံတွေက ရုရှားစီးပွားရေးအဖွဲ့အစည်းတွေ၊ အကြီးတန်းအရာရှိတွေ၊ ဥပဒေလွှတ်တော်အမတ်တွေ၊ မီဒီယာအဖွဲ့အစည်းတွေကိုပစ်မှတ်ထားကာ ပြင်းထန်တဲ့ပိတ်ဆို့မှုတွေ ဆက်တိုက်ချမှတ်ခဲ့တဲ့အပြင် ရုရှားသမ္မတ'ပူတင်'နဲ့ နိုင်ငံခြားရေးဝန်ကြီး'ဆာဂျီလက်ဗ်ရော့ဗ်'တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

 

Source: RT
#Yangon_Media_Group