#WorldPolitics
Published- 25 February 2022


ရုရှားတို့ ကျူးကျော်တိုက်ခိုက်လာမှုကို အဆုံးသတ်နိုင်ရန် ရုရှားတို့ နဲ့တွေ့ဆုံညှိနှိုင်းသွားဖို့ ထိတ်လန့်နေမှာမဟုတ်ကြောင်း ယူကရိန်းသမ္မတ'ဇဲလန်စကီ'က သောကြာနေ့ကပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ ညှိနှိုင်းရာမှာ လုံခြုံရေးအာမခံချက်တွေရရှိဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့တဲ့အပြင် ယူကရိန်းတို့စစ်ရေးအကူအညီမရရှိဘဲ ရုရှားနဲ့ရင်ဆိုင်နေရတဲ့အခြေအနေအပေါ် အနောက်နိုင်ငံကိုလည်း အပြစ်တင်စွပ်စွဲလိုက်ပါတယ်။

ယခုနံနက်အစောပိုင်းမှာ မြို့တော်ကိဗ်ကနေ 'ဇဲလန်စကီ'က အနောက်နိုင်ငံရှိ နိုင်ငံရေးမိတ်ဖက်များနဲ့ ဆက်သွယ်ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံအနေနဲ့ ကျဉ်းထဲကျပ်ထဲအန္တရာယ်ရောက်နေကြောင်း အသိပေးခဲ့ပါတယ်။

"ခင်ဗျားတို့က ကျွန်တော်တို့ဘက်မှာရှိမှာလားလို့ မေးခဲ့ပါတယ်။ ယူကရိန်းဘက်မှာရှိနေမယ်လို့ သူတို့ပြန်လည်ဖြေကြားခဲ့ကြပေမယ့် ယူကရိန်းကို မဟာမိတ်အဖွဲ့ထဲ မခေါ်ချင်ကြပါဘူး။ ယူကရိန်းကို နေတိုး(NATO)အဖွဲ့ထဲ ဝင်ခိုင်းမှာလားလို့ ၂၇ နိုင်ငံကခေါင်းဆောင်တွေကို တိုက်ရိုက်မေးကြည့်တဲ့အခါ အားလုံးကစိုးရွံနေကြတဲ့ပုံပါပဲ" လို့ 'ဇဲလန်စကီ'က ဖွင့်ဟလိုက်ပါတယ်။

"အခုဆိုရင် ကျွန်တော်နိုင်ငံပဲ ဒီအတိုင်းကျန်နေပါတော့တယ်။ ကျွန်တော်တို့အတွက် ဘယ်သူတွေကစစ်ဝင်တိုက်ခိုက်ပေးမှာလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမှမရှိပါဘူး။ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ်သတ်မှတ်ဖို့ ဘယ်သူကအာမခံချက်ပေးမှာလဲ။ အားလုံးက စိုးရွံနေကြပါတယ်" လို့ 'ဇဲလန်စကီ'က ဖြည့်စွက်ပြောကြားသွားပါတယ်။

ကြာသပတေးနေ့က ယူကရိန်းနိုင်ငံထဲသို့ ရုရှားတပ်များဝင်ရောက်လာခဲ့ပြီး ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က ယူကရိန်းစစ်တပ်အချက်အခြာနေရာတွေနဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေကို ချေမှုန်းဖို့ စစ်ဆင်ရေးကြေညာခဲ့ပါတယ်။

ယူကရိန်းအစိုးရအနေနဲ့ ကြားနေရေးကိစ္စဆွေးနွေးဖို့သဘောတူမယ်ဆိုရင် ညှိနှိုင်းပြောဆိုဖို့ လက်ခံစဉ်းစားပေးမှာဖြစ်ကြောင်း ရုရှားက အသိပေးထားပါတယ်။

'ဇဲလန်စကီ'ကသောကြာနေ့မှာ တုန့်ပြန်ဖြေကြားရာ ယူကရိန်းရဲ့ကြားနေရေးအခြေအနေအကြောင်း ပြောဆိုဖို့အသင့်ရှိနေပြီး ပြင်ပအဖွဲအစည်းမှ လုံခြုံရေးအာမခံချက်ရရှိဖို့လည်း လိုအပ်ကြောင်းပြောဆိုလိုက်ပါတယ်။

"ကျွန်တော်တို့အတွက်လုံခြုံရေးအာမခံချက်တွေအကြောင်း၊ ကြားနေရေးကိစ္စအကြောင်းတွေကို ရုရှားနဲ့တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်တို့ကြောက်ရွံနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့အခုကျွန်တော်တို့က နေတိုးအဖွဲ့ဝင်မဟုတ်တော့ ဘာလုံခြုံရေးအာမခံချက်ပေးနိုင်မှာလဲ။ ဘယ်နိုင်ငံက အာမခံပေးမှာလဲ" လို့ ဆိုလိုက်ကာ ရုရှားတို့စစ်ရေးတိုက်ခိုက်လာမှုကို ဆွေးနွေးညှိနှိုင်းပြီး အဆုံးသတ်ရမှာဖြစ်ကြာင်း ပြောကြားလိုက်ပါတယ်။

ယူကရိန်းတို့ရဲ့ကြားနေရေးအခြေအနေနဲ့ စစ်ရေးလက်နက်တပ်ဆင်ထားရှိဖို့ ငြင်းဆိုမှုတွေကို 'ပူတင်'ကသည်းမခံနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင်ဆုံးဖြတ်ချက်က ယူကရိန်းတို့အပေါ်သာမူတည်ကြောင်း ရုရှားစစ်အစိုးရမှပြောရေးဆိုခွင့်ရှိသူ 'ဒီမစ်ထရီပက်စ်ကော့ဗ်'က ကြာသပတေးနေ့က အသိပေးပြောကြားလိုက်ပါတယ်။
Source: RT