#WorldPolitics
Published 24 February 2022


ယူကရိန်းအရှေ့ဘက်ရှိ ခွဲထွက်ရေးဒေသများမှ ပုန်ကန်ရေးခေါင်းဆောင်များက ယူကရိန်းရန်မှကာကွယ်ဖို့ ရုရှားထံမှစစ်ရေးအကူအညီတောင်းဆိုလိုက်ကြောင်း ရုရှားတို့ က ဗုဒ္ဓဟူးနေ့မှာကြေညာလိုက်ပါတယ်။အခုလိုတောင်းဆိုချက်ကြောင့် အဆိုပါဒေသများသို့ ရုရှားတပ်များအလုံးအရင်းဖြင့် ဝင်ရောက်လာဖို့ အကြောင်းပြချက် ရရှိသွားပြီဖြစ်ပါတယ်။

ယူကရိန်းဘက်မှ သမ္မတ'ဗိုလိုဒီမီယာဇဲလန်စကီ'က ဥရောပမှာစစ်ပွဲကြီးဖြစ်လာနိုင်တဲ့အခြေအနေကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ ရုရှားနိုင်ငံသားများကို လေးလေးနက်နက်တောင်းဆိုလိုက်ပါတယ်။ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံသားများကြားသိထားတဲ့အကြောင်းတွေက အလိမ်အညာသတင်းတွေသာဖြစ်ပြီး စစ်ပွဲဖြစ်လာနိုင်ချေက ရုရှားနိုင်ငံသားများအပေါ်မူတည်ကြောင်း မေတ္တာရပ်ခံခဲ့ပါတယ်။

'ဇဲလန်စကီ'က ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'ကို ဆက်သွယ်ခေါ်ဆိုဖို့ ကြိုးစားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိကြောင်း၊ အခုဆိုရင် ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည် ၂ သိန်းခန့်ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အဲဒီမတိုင်ခင် ယူကရိန်းခွဲထွက်ရေးနယ်မြေများဖြစ်တဲ့ ဒိုနက်စ်မြို့ နဲ့လူဟန့်စ်မြို့ တို့ မှ ခွဲထွက်ရေးသူပုန်ခေါင်းဆောင်တွေဟာ ယူကရိန်းတို့ တိုက်ခိုက်လာမှုကို ကူညီကာကွယ်ပေးဖို့ 'ပူတင်'အား စာပေးပို့ ခဲ့ကြကြောင်း 'ပူတင်'ရဲ့ပြောရေးဆိုခွင့်ရှိသူ 'ဒီမစ်ထရီပက်စ်ကော့ဗ်'က ပြောပြလိုက်ပါတယ်။

အဆိုပါစာနှစ်စောင်စလုံးကို ရုရှားနိုင်ငံပိုင်မီဒီယာတွေမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ရက်စွဲဖြင့် ဖော်ပြခဲ့ကြပါတယ်။
ရှေ့ရက်ပိုင်းတုန်းက ဒိုနက်နဲ့လူဟန့်စ်နယ်မြေတွေရဲ့လွတ်လပ်ခွင့်ကို 'ပူတင်'ကအသိအမှတ်ပြုခဲ့ပြီး ကာကွယ်ရေးသဘောတူညီချက်များအပါအဝင် ချစ်ကြည်ရေးမဟာမိတ်စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရုရှားတပ်ဖွဲ့ များအား နိုင်ငံပြင်ပမှာလှုပ်ရှားနိုင်ရေးကို ရုရှားဥပဒေရေးရာအမတ်များက အင်္ဂါနေ့က ခွင့်ပြုပေးလိုက်ပြီဖြစ်ပြီး အရှေ့ဥရောပမှာ စစ်ဘေးဖြစ်လာဖို့ နီးစပ်နေတာကြောင့် ယူကရိန်းဘက်ကလည်း အရန်တပ်ဖွဲ့ များ စုဆောင်းခေါ်ယူခဲ့ပါတယ်။

ယူကရိန်းမှာအရေးပေါ်အနေနဲ့ ဒေသတွင်းအာဏာပိုင်တွေနဲ့ အရေးပေါ်လုပ်ဆောင်မှုများဖြင့် ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်း၊ လမ်းပိတ်တားဆီးခြင်းများအပါအဝင် အဆင့်ဆင့်ထိန်းချုပ်ရေးကိစ္စရပ်များ အရေးပေါ်ချမှတ်ထားပြီဖြစ်ပါတယ်။

ဒီအကျပ်အတည်းနဲ့ပတ်သက်ပြီး နိုင်ငံတကာမှဝေဖန်မှုတွေရှိနေပေမယ့် 'ပူတင်'ကတော့ ဂရုစိုက်တဲ့ပုံမပေါ်ပါဘူး။
အနောက်နိုင်ငံများမှခေါင်းဆောင်အချို့ ကတော့ 'ပူတင်'ဟာ ဆင်ခြင်တုံတရားမရှိတော့ဘူးလို့ ထောက်ပြနေကြပါပြီ။

ရုရှားကာကွယ်ရေးဝန်ကြီး'ဆာဂျီရှိဂူ'၊ ရုရှားစစ်တပ်လေတပ်ရေတပ်တို့ မှ စစ်ဗိုလ်များအပါအဝင် ရာထူးရာခံမြင့်မားတဲ့ပုဂ္ဂိုလ်တွေကို ၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂအဖွဲ့အစည်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီဖြစ်ကာ စစ်ရေးကျူးကျော်မှုပြုလုပ်လာပါက နောက်ထပ်အရေးယူပိတ်ဆို့ ခြင်းတွေ ချမှတ်သွားဦးမှာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အလွန်အန္တရာယ်များတဲ့အခိုက်အတန့်နဲ့ ရင်ဆိုင်နေရပြီး နှစ်ပေါင်းများစွာတိုင်အောင် မကြုံခဲ့ရတဲ့ပျက်စီးခြင်းဒုက္ခတွေ ကြုံတွေ့ရလာနိုင်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး 'အန်တိုနီယိုဂူတာရက်စ်'က သတိပေးထားပါတယ်။

"ဥရောပလုံခြုံရေးရှေ့ရေးက အခုအချိန်အခုအခါ ကျွန်တော်တို့နေထိုင်ရာယူကရိန်းနိုင်ငံမှာ အဆုံးအဖြတ်ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ယုံကြည်ထားပါတယ်။ ယူကရိန်းအနေနဲ့ လျင်မြန်တိကျပြတ်သားတဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေ လိုအပ်နေပါပြီ" လို့ 'ဇဲလန်စကီ'က မီဒီယာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။
Source: Capital News