#WorldHealth
Published 18 February 2022

 

ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲရဲ့ BA.2 မျိုးနွယ်ခွဲဟာ မူလအိုမီခရွန်ထက် ထူးထူးခြားခြားရောဂါလက္ခဏာပြင်းထန်ခြင်းမျိုး မဖြစ်နိုင်ကြောင်း တောင်အာဖရိကမှလေ့လာချက်တစ်ရပ်မှာဖော်ပြထားကာ အဆိုပါမျိုးနွယ်ခွဲအသစ်အပေါ် စိုးရိမ်ပူပန်နေမှုကို သက်သာရာရစေပါတယ်။

 

အိုမီခရွန်မျိုးနွယ်ခွဲအသစ် ကူးစက်ခြင်းခံရတဲ့လူနာတွေအနေနဲ့ ဆေးရုံတက်ကုသခံယူရမှုနဲ့ ရောဂါပြင်းထန်မှုတိုမှာ မူလအိုမီခရွန်မျိုးဗီဇကွဲနဲ့ အတူတူနီးပါးဖြစ်နေကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

 

တောင်အာဖရိကနိုင်ငံ ကူးစက်ရောဂါအမျိုးသားတက္ကသိုလ်အဖွဲ့က ဆေးရုံတွေနဲ့ အစိုးရဓာတ်ခွဲခန်းဌာနတွေမှ ကူးစက်မှုပေါင်း ၁ သိန်းနီးပါးကို လေ့လာဆန်းစစ်ခဲ့ကြတာဖြစ်ပါတယ်။

 

တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ မူလအိုမီခရွန်မျိုးဗီဇကွဲဟာ အမေရိကန်၊ ဥရောပနိုင်ငံများသို့ ကူးစက်ခဲ့တဲ့အပြင် ကမ္ဘာ့အနှံ့အပြားကိုပါ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။

 

အဲဒီနောက် BA.2 မျိုးနွယ်ခွဲ ထပ်မံပေါ်ထွက်လာကာ မူလအိုမီခရွန်ထက် ပိုမိုကူးစက်မြန်နိုင်တယ်လို့ ယူဆခဲ့ကြတာကြောင့် စိုးရိမ်စွာဖြင့် စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။

 

လေ့လာချက်အရ BA.2 မျိုးနွယ်ခွဲဟာ နဂိုမူလအိုမီခရွန်လိုပဲ ကိုရိုနာဗိုင်းရပ်စ်အခြားမျိုးဗီဇကွဲတွေနဲ့ နှိင်းယှဉ်ပါက ရောဂါအပျော့စားသာဖြစ်လေ့ရှိတာကို တွေ့ရှိခဲ့ပါတယ်။

 

သတိပြုစရာကတော့ တောင်အာဖရိကမှလူအများစုဟာ ကိုဗစ်ကာကွယ်ဆေးထက်စာရင် ကိုဗစ်ရောဂါကူးစက်မှုမှရတဲ့ ရောဂါခုခံအားရရှိထားတာဖြစ်ပါတယ်။

 

တစ်နိုင်ငံလုံးရှိလူဦးရေ ၈၀ ရာခိုင်နှုန်းခန့် ရောဂါကူးစက်ပြီးပြီလို့ ယူဆရပြီး လူဦးရေ ၂၉ ရာခိုင်နှုန်းကသာ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးကာ booster အားမြှင့်ကာကွယ်ဆေးထိုးပြီးသူ ၁.၃ ရာခိုင်နှုန်းသာ ရှိပါတယ်။

 

ဒီဇင်ဘာအစောပိုင်းက ရောဂါကူးစက်သူဦးရေ ၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ တောင်အာဖရိကမှာ BA.2 မျိုးနွယ်ခွဲလျင်မြန်စွာကူးစက်ပျံ့နှံခဲ့ပြီး ဇန်နဝါရီလကုန်လောက်မှာ ၈၀ ရာခိုင်နှုန်းအထိ ကူးစက်သူတွေများပြားလာခဲ့ပါတယ်။

 

ဓာတ်ခွဲခန်းဆန်းစစ်လေ့လာချက်တွေအရ ကူးစက်သူ ၉၅,၄၇၀ ဦးတွင် BA.2 မျိုးနွယ်ခွဲကူးစက်မှုကြောင့် ဆေးရုံတက်ကုသခံယူရသူ ၃.၆ ရာခိုင်နှုန်းရှိကာ မူလအိုမီခရွန်ကြောင့် ဆေးရုံတက်ကုသခံယူရသူ ၃.၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

 

ဆေးရုံတက်ကုသခံယူရသူ ၃,၀၅၈ ဦးမှာမှ BA.2 မျိုးနွယ်ခွဲကူးစက်မှုကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားသူ ၃၀.၅ ရာခိုင်နှုန်းရှိကာ မူလအိုမီခရွန်ကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားသူ ၃၃.၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။.

 

Source: Bloomberg.
#Yangon_Media_Group