#WorldHealth
Published 18 February 2022

 

mRNA ကာကွယ်ဆေးတွေဖြစ်တဲ့ မိုဒါနာနဲ့ ဖိုင်ဇာ-ဘိုင်အိုတက်ခ် ကိုဗစ်အားမြှင့်ကာကွယ်ဆေးတွေရဲ့ ရောဂါကာကွယ်နိုင်စွမ်းဟာ အလျင်အမြန်ကျဆင်းလာကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDC က အချက်အလက်တွေနဲ့ တင်ပြလိုက်ပါတယ်။

 

ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုအမြင့်ဆုံးကာလအတွင်း mRNA ကာကွယ်ဆေးဒုတိယအကြိမ်ထိုးပြီး နှစ်လအတွင်းမှာ ကာကွယ်ဆေးအာနိသင်က ဆေးရုံတက်ကုသခံယူရမှုနှုန်းကို ၉၄ ရာခိုင်နှုန်းလျှော့ချနိုင်ပြီး အရေးပေါ်ကုသခံယူမှုနှုန်းကို ၉၂ ရာခိုင်နှုန်းလျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ရကြောင်း သုတေသီတွေက တင်ပြထားပါတယ်။

 

နှစ်လကျော်ပြီးနောက်မှာ ကာကွယ်ဆေးအာနိသင်လျော့သွားပေမယ့် အားမြှင့်ကာကွယ်ဆေး booster ထိုးပြီး နှစ်လအတွင်းမှာတော့ ရောဂါကာကွယ်နိုင်စွမ်းက ၉၆ ရာခိုင်နှုန်းနဲ့ ၉၇ ရာခိုင်နှုန်းအသီးသီး ပြန်လည်မြင့်တက်လာပါတယ်။

 

၄ လနောက်ပိုင်းမှာတော့ ဆေးရုံတက်ကုသခံယူရမှုနှုန်းကို ၇၆ ရာခိုင်နှုန်းသာကာကွယ်နိုင်ပြီး အရေးပေါ်ကုသခံယူရမှုနှုန်းကို ၈၉ ရာခိုင်နှုန်းသာ ကာကွယ်နိုင်ပါတော့တယ်။

 

အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုအမြင့်ဆုံးကာလမှာ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီး ၂ လအတွင်း ဆေးရုံတက်ကုသခံယူမှုကို ၇၁ ရာခိုင်နှုန်းနဲ့ အရေးပေါ်ကုသခံယူမှုကို ၆၉ ရာခိုင်နှုန်းကာကွယ်နိုင်ကာ booster အားမြှင့်ကာကွယ်ဆေး ၂ လအတွင်း ၉၁ ရာခိုင်နှုန်းနဲ့ ၈၇ ရာခိုင်နှုန်းအသီးသီး၊ ၄ လကြာပြီးနောက်ပိုင်း ၇၈ ရာခိုင်နှုန်းနဲ့ ၆၆ ရာခိုင်နှုန်းအသီးသီးတို့သာ ကာကွယ်နိုင်တာကို တွေ့ရှိရပါတယ်။

 

ဒီခန့်မှန်းတွက်ချက်မှုတွေကို ဩဂုတ်လမှ ဇန်နဝါရီလအတွင်း ကိုဗစ်ရောဂါကြောင့် အရေးပေါ်ကုသခံယူရသူ ၂၄၁,၂၀၄ ဦးနဲ့ ဆေးရုံတက်ကုသခံယူရသူ ၉၃,၄၀၈ ဦးတို့ထံမှ လေ့လာဆန်းစစ်ထားတာဖြစ်ပါတယ်။

 

"နောက်ထပ်ကာကွယ်ဆေးအကြိမ်ရေ ထပ်မံထိုးနှံဖို့လိုအပ်ကြောင်း လေ့လာသိရှိထားပါတယ်။ တတိယအကြိမ်ကာကွယ်ဆေးထိုးနှံချင်တဲ့ လူမည်းမျိုးနွယ်လူဦးရေက လူဖြူတွေထက် တဝက်ခန့်သာရှိတာကြောင့် သူတို့မှာ ပြင်းထန်တဲ့ကိုဗစ်ရောဂါလက္ခဏာတွေ ဖြစ်နိုင်ချေပိုရှိနေပါတယ်" လို့ အင်ဒီယာနာတက္ကသိုလ်မှ 'ဘရိုင်ယန်ဒစ်ဇွန်'က ပြောပြသွားပါတယ်။

 

Source: Reuters.
#Yangon_Media_Group