Published: 30 July 2021

ဒယ်လ်တာမျိုးဗီဇကွဲဟာအခြားမျိုးဗီဇကွဲတွေထက် ပိုပြီးကူးစက်တယ်၊ ကာကွယ်ဆေးတွေရဲ့အကာအကွယ်ပေးနိုင်မှုကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့များတယ်။ ပြီးတော့ ပြင်းထန်တဲ့ရောဂါတွေဖြစ်နိုင်ကောင်းဖြစ်နိုင်တယ်လို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန (CDC) ရဲ့ရုံးတွင်အစီရင်ခံစာတစ်ခုမှာဖော်ပြထားတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာကြီးကရေးသားဖော်ပြလိုက်ပါတယ်။

ကူးစက်ခံထားရတဲ့ကာကွယ်ဆေးထိုးပြီးတဲ့သူတွေဟာ မထိုးရသေးတဲ့သူတွေလိုပဲ ဒယ်လ်တာမျိုးဗီဇကွဲကို နှာခေါင်းနှင့်လည်ချောင်းထဲမှာ ခပ်များများသယ်ဆောင်ထားနိုင်တယ်၊ပြီးတော့ ပိုးကိုလည်း လွယ်လွယ်ဖြန့်ပေးနိုင်ဖွယ်ရှိတယ်လို့ စီဒီစီရဲ့ညွှန်ကြားရေးမှူး ဒေါက်တာ ရိုချယ်လ်ပီ ဝါလန်စကိုင်းက အင်္ဂါနေ့က အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဌာနတွင်းစာရွက်စာတမ်းဟာ ဒယ်လ်တာအပေါ် ယေဘုယျဆန်ပြီး မနှစ်မြို့စရာအမြင်တော့ဖြစ်နေပါတယ်။

ဒယ်လ်တာဟာ MERS၊SARS ၊Ebola၊သာမန်အအေးမိ၊ရာသီတုပ်ကွေးနှင့် ရေကျောက်တွေဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေထက် ပိုပြီးကူးစက်လွယ်ပြီး ရေကျောက်လိုပဲ တစ်ဦးနှင့်တစ်ဦးအလွယ်တကူကူးစက်နိုင်တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ရရှိတဲ့ စာရွက်စာတမ်း မိတ္တူအရသိရပါတယ်။

စီဒီစီအနေနဲ့ နောက်ချက်ခြင်းလုပ်ရမယ့် အဆင့်ကတော့ “ စစ်ပွဲဟာ ပြောင်းလဲသွားပြီ” ဆိုတာကို အသိအမှတ်ပြုပေးဖို့ပဲ ဖြစ်တယ်လို့ အဲဒီစာထဲမှာဖော်ပြထားပါတယ်။ အဲဒီစာပါအကြောင်းအရာတွေကို ဝါရှင်တန်ပို့စ်ကလည်း ကြာသပတေးနေ့ က သတင်းရေးသားခဲ့ပါတယ်။

အခုစာရွက်စာတမ်းရဲ့ လေယူလေသိမ်းဟာ အမေရိကန်တစ်လွှား ဒယ်လ်တာကူးစက်နေတာနှင့်ပတ်သက်လို့ စီဒီစီရဲ့သိပ္ပံပညာရှင်တွေအကြား အချက်ပေးခေါင်းလောင်းထိုးလိုက်တာကို ထင်ဟပ်နေတယ်လို့ အဲဒီစာထဲမှာပါတဲ့  သုတေသနအလုပ်ကိုမြင်ခဲ့တဲ့ ဖက်ဒရယ်အရာရှိတစ်ဦးကပြောပါတယ်။ သောကြာနေ့မှာ အဲဒီဒယ်လ်တာမျိုးဗီဇကွဲနှင့်ပတ်သက်တဲ့ အချက်အလက်အသစ်တွေ ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

“ စီဒီစီဟာ ရရှိတဲ့သတင်းအချက်အလက်တွေအပေါ် အထူးစိတ်ပူပန်နေတယ်။ ဒယ်လ်တာဟာ သိပ်ကိုစိုးရိမ်ရတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ချက်ခြင်းလက်ငင်းတုန့်ပြန်ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်” လို့ အဲဒီအရာရှိကပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ကြာသပတေးနေ့အထိ နေ့စဉ်ကူးစက်မှုအသစ်ပေါင်း ၇၁၀၀၀ရှိနေပါတယ်။ ကာကွယ်ဆေးထိုးပြီးသူတွေ ဟာ ဗိုင်းရပ်စ်ကို ဖြန့်ပေးနေပြီး ဒီကူးစက်မှုအရေအတွက်ကိုဖြည့်ပေးနေပါတယ်။ဒါပေမယ့် ကာကွယ်ဆေးမထိုးရသေးသူတွေ နှင့်ယှဉ်ရင်တော့ ကူးစက်မှုအတိုင်းအတာဟာ အများကြီးနည်းနေနိုင်ပါတယ်။

ဒေါက်တာ ဝါလန်စကိုင်းက ကာကွယ်ဆေးထိုးပြီးသူတွေကနေ ကူးစက်မှုဟာ ဖြစ်တောင့်ဖြစ်ခဲလို့ဆိုပါတယ်။ ဒါပေမယ့် အခြား ပညာရှင်တွေကတော့ အရင်ထင်ထားတာထက် ကူးစက်မှုဟာ တွေ့နေကျပိုပြီးဆန်လာတယ်လို့ သုံးသပ်နေကြပါတယ်။

စီဒီစီက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကာကွယ်ဆေးထိုးပြီးသူများအတွက် လမ်းညွှန်ချက်အသစ်ဟာ ယခုဌာနတွင်းစာရွက်စာ တမ်းမှာပါရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံခဲ့တာဖြစ်ပါတယ်။ စီဒီစီက ကာကွယ်ဆေးထိုးပြီးသူများအနေနှင့် ကူးစက်မှုမြင့်မားနိုင်ချေရှိတဲ့ လူအုပ်စုတွေနှင့်အတူ အများပြည်သူဆိုင်ရာပွဲတွေမှာ အခန်းတွင်း mask တပ်ကြဖို့ ထောက်ခံ အကြံပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီထောက်ခံအကြံပြုချက်က ကောင်းကောင်းမလုံလောက်ဘူးလို့ စီဒီစီရဲ့ စာက အရိပ်အမြွက်ပြောထားပါတယ်။ ကူးစက်မှုမြင့်မားနေတာရယ်၊လက်ရှိကာကွယ်ဆေးလွှမ်းခြုံနိုင်တဲ့အခြေအနေတွေရယ်ကြောင့် နေရာမရွေး mask တပ်ဖို့ လိုကိုလိုအပ်တယ်လို့ အဲဒီစာက ပြောထားပါတယ်။

ကာကွယ်ဆေးထိုးပြီး အမေရိကန်နိုင်ငံသား ၁၆၂သန်းအထဲမှာ တစ်ပတ်တစ်ပတ်ကို ရောဂါလက္ခဏာပြတဲ့ ကိုဗစ်ကူးစက်သူ ၃၅၀၀၀ ခန့်အကြမ်းဖျင်းရှိနေပါတယ်လို့  ဇူလိုင်၂၄ရက်အထိ စီဒီစီက ရရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။ ဒါပေမယ့် စီဒီစီက အပျော့စားလက္ခဏာပြသူတွေ၊ရောဂါလက္ခဏာမပြသူတွေကို စာရင်းမကောက်ထားသေးပါဘူး။ အဲဒါကြောင့် တကယ့်ကူးစက်သူတွေဟာ အခုထက်များ‌ကောင်းများနိုင်ပါတယ်။

ဒယ်လ်တာကူးစက်မှုကြောင့် ထုတ်လုပ်တဲ့ အသက်ရှုလမ်းကြောင်းက ဗိုင်းရပ်စ်အရေအတွက်ဟာ ကူးစက်မှုများပြီးဖြစ်တဲ့ အယ်လ်ဖာမျိုးဗီဇကွဲထက်ပင် ဆယ်ဆမြင့်မားတယ်လို့ အဲဒီရုံးတွင်းစာမှာဖော်ပြထားပါတယ်။

ဒယ်လ်တာကူးစက်ခံရသူတစ်ဦးမှာရှိတဲ့ ဗိုင်းရပ်စ်အရေအတွက်ဟာ ကိုဗစ်-၁၉ မူလဗိုင်းရပ်စ်ကူးစက်ခံရသူမှာတွေ့ရတဲ့ ဗိုင်းရပ်စ်အရေအတွက်ထက် အဆတစ်ထောင်ပိုများတယ်လို့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သုတေသနအရသိရပါတယ်။

စီဒီစီရဲ့ စာရွက်စာတမ်းမှာပါတဲ့ အချက်အလက်တွေဟာ သုတေသနပေါင်းများစွာကနေရရှိတာဖြစ်ပါတယ်။ အဲဒီအထဲမှာ မကြာသေးခင်ကကူးစက်မှုဖြစ်ခဲ့တဲ့ မန်ဆက်ချူးဆက်က ပရိုဗင့်တောင်းက အချက်အလက်တွေလည်းပါဝင်ပါတယ်။ အဲဒီနေရာမှာ ကူးစက်မှုကွင်းဆက်ကြီးက ၈၈၂ဦးအထိများလာပါတယ်။ ကူးစက်ခံရသူတွေရဲ့ ၇၄ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထိုးပြီးသူတွေပါလို့ ဒေသဆိုင်ရာကျန်းမာရေးအရာရှိတွေကပြောထားပါတယ်။

ကာကွယ်ဆေးထိုးထိုး မထိုးထိုး၊ ဒယ်လ်တာကူးစက်ခံရသူတစ်ဦးရဲ့ နှာခေါင်းနှင့်လည်ချောင်းထဲမှာ ဗိုင်းရပ်စ်ပိုးတွေ အလွန်များပြားစွာတွေ့ရတယ်လို့ စီဒီစီရဲ့ စာရွက်စာတမ်းထဲမှာဖော်ပြထားပါတယ်။

“ တွေ့ခဲ့ဖူးတဲ့အထဲမှာ ဒီလူတွေဟာ လေးစားစရာအကောင်ဆုံး နိုင်ငံသားဆိုတာ ဒါလို့ စံနမူနာပြစရာတွေထဲက တစ်ခုပဲလို့ နယူးယောက်၊  Bellevueဆေးရုံက ကူးစက်ရောဂါအထူးကုပညာရှင် ဒေါက်တာ ဆီလိုင်းဂေါင်ဒါက ပြောပါတယ်။

“ ပရိုဗင့်တောင်းကူးစက်မှုမှာ ပါဝင်သူတွေက သူတို့နှင့် တိတွေ့ခဲ့သူတွေ၊နီးကပ်ခဲ့သူတွေကို အသေးစိတ်စာရင်းပြုစုနိုင်ကြ တယ်” လို့ဒေါက်တာကဆက်ပြောပါတယ်။

ဒယ်လ်တာကူးစက်မှုဟာ ဆိုးရွားတဲ့နာမကျန်းမှုကို ပိုပြီးဦးတည်စေနိုင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ် လို့ အဲဒီစာရွက်စာတမ်း မှာဖော်ပြထားပါတယ်။ ကနေဒါနှင့် စကော့တလန်မှာလုပ်ခဲ့တဲ့သုတေသနတွေအရ ဒယ်လ်တာကူးစက်ခံရသူတွေဟာ ဆေးရုံတက်ရမယ့်အခြေအနေပိုဖြစ်နိုင်ပုံရတယ်လို့တွေ့ထားပါတယ်။ စင်ကာပူက သုတေသနအရ ဒယ်လ်တာကူးစက်လူနာဟာ အောက်ဆီဂျင်ပိုလိုပုံရတယ်လို့လည်းပြောထားပါတယ်။

စီဒီစီရဲ့ အချက်အလက်တွေက ကာကွယ်ဆေးဟာ စိုးရိမ်ရတဲ့နာမကျန်းမှုတွေ၊ဆေးရုံတက်ရတာတွေ နှင့် ကာကွယ်ဆေးထိုးထားသူတွေသေဆုံးမှုတွေကို ကာကွယ်ရာမှာ မြင့်မြင့်မားမား အကျိုးသက်ရောက်မှုရှိနေုတုန်းပဲလို့  ပြသနေပါတယ်။

“ ခြုံပြီးပြောရရင် ဒယ်လ်တာဟာ ဒုက္ခပေးတဲ့ မျိုးဗီဇကွဲဆိုတာ ကျွန်တော်တို့သိခဲ့ရပြီ” လို့ နယူးယောက်၊ ဝီလ်ကော်နယ်လ်မက်ဒီဇင်းရဲ့ ဗိုင်းရပ်စ်ပညာရှင် ဂျွန်မိုးကပြောပါတယ်။

“ ဒါပေမယ့် ကံဆိုးမိုးမှောင်တော့ မကျသေးပါဘူး။ ကာကွယ်ဆေးတွေဟာ အဆိုးရွားဆုံးရလာဒ်တွေကို  ကောင်းကောင်းကြီး ကာကွယ်ပေးနေတုန်းပါပဲ” လို့ သူကဆက်ပြောပါတယ်။

Source: The New York Times: C.D.C. Internal Report Calls Delta Variant as Contagious as Chickenpox