#WorldHealth
Published 08 February 2022

 

အသက်အရွယ်ကြီးသူတွေမှာ တုပ်ကွေးကာကွယ်ဆေးပမာဏများများနဲ့ mRNA အားမြှင့်ကိုဗစ်ကာကွယ်ဆေး booster တို့ကို ပြိုင်တူထိုးနှံလို့ရကြောင်း လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ အတည်ပြုဖော်ပြလိုက်ပါတယ်။
အသက် ၆၅ နှစ်အထက်လူကြီး ၃၀၆ ယောက်ကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး စမ်းသပ်ထိုးနှံခဲ့ပါတယ်။

 

ပထမတစ်ဖွဲ့က ဆာနိုဖီကုမ္ပဏီမှထုတ်တဲ့ Fluzone High-Dose Quadrivalent တုပ်ကွေးကာကွယ်ဆေးနဲ့ မိုဒါနာကုမ္ပဏီမှထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်ကို ပြိုင်တူထိုးနှံခဲ့ပါတယ်။

 

ဒုတိယတစ်ဖွဲ့က တုပ်ကွေးကာကွယ်ဆေးတစ်မျိုးကိုသာ ထိုးနှံပြီး တတိယအဖွဲ့က ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကိုသာ အသီးသီးထိုးနှံခဲ့ကြပါတယ်။

 

သွေးနမူနာများကို ကာကွယ်ဆေးတွေမထိုးခင်အချိန်နဲ့ ထိုးပြီး ၂၁ ရက်ကြာအချိန်တိုမှာ ရယူခဲ့ကြရာ ကာကွယ်ဆေး ၂ မျိုးကို တပြိုင်တည်းထိုးနှံခြင်းက ရောဂါခုခံအားထွက်ရှိမှုကို အကျိုးသက်ရောက်မှုမရှိစေဘဲ စမ်းသပ်တဲ့အဖွဲ့ ၃ ဖွဲ့စလုံးမှာ ပဋိပစ္စည်း antibody ထွက်ရှိမှုပမာဏ အတူတူဖြစ်နေကြောင်း လန်ဆက်အသက်ရှူလမ်းကြောင်းဆိုင်ရာဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။

 

"ကိုဗစ်ကာကွယ်ဆေးနဲ့ တုပ်ကွေးကာကွယ်ဆေးတို့ကို ပြိုင်တူထိုးနှံခြင်းက စိတ်ပူစရာအခြေအနေမရှိပါဘူး။ လေ့လာစောင့်ကြည့်တဲ့အဖွဲ့က စမ်းသပ်ခံတဲ့သူတွေကို ကာကွယ်ဆေးထိုးပြီး ၆ လကြာတဲ့အထိ ဆက်လက်လေ့လာသွားမှာဖြစ်ပါတယ်" လို့ ဆာနိုဖီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

Source: Reuters.
#Yangon_Media_Group