#WorldHealth
Published 08 February 2022

 

ကိုဗစ်ရောဂါရှိမရှိစစ်ဆေးတဲ့ rapid test ဆေးစစ်ပစ္စည်းတွေထဲက ဓာတ်ပြုဆေးရည်ပုလင်းငယ်ထဲမှာပါဝင်တဲ့ ဆိုဒီယမ်‌အေဇိုက်(sodium azide) ဟာ ကလေးငယ်တွေအတွက် အလွန်အန္တရာယ်များတဲ့ အဆိပ်တစ်မျိုးဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

 

ဆိုဒီယမ်အေဇိုက်ပမာဏအနည်းငယ်က အရွယ်ရောက်ပြီးသူတွေမှာ သွေးပေါင်ကျခြင်း၊ မူးဝေမူးမေ့ခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း အန္တရာယ်တွေဖြစ်စေနိုင်တယ်လို့ ဝါရှင်တန်ဒီစီ အမျိုးသားအဆိပ်ရောဂါစင်တာမှဒေါက်တာ'ကယ်လီဂျွန်ဆန်အာဘာ'က ဆိုပါတယ်။

 

ဆိုဒီယမ်အေဇိုက်ပမာဏများရင်တော့ အသက်ဆုံးရှုးနိုင်တဲ့အထိ ဖြစ်နိုင်ကြောင်း အရေးပေါ်ဆေးပညာအမေရိကန်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

ကိုဗစ်စစ်ဆေးသည့် rapid test ဆေးစစ်ပစ္စည်းတွေမှာ အရွယ်ရောက်ပြီးသူတွေ သွေးပေါင်ကျလောက်တဲ့အထိ ဆိုဒီယမ်အေဇိုက်ပမာဏအနည်းငယ်သာပါဝင်ပြီး အမေရိကန်အစိုးရက ထုတ်လုပ်လျက်ရှိတဲ့ iHealth ဆေးစစ်ပစ္စည်းတွေကမှာ ဆိုဒီယမ်အေဇိုက် လုံးဝမပါဝင်ကြောင်း 'ဂျွန်ဆန်အာဘာ'က ပြောပါတယ်။

 

ကလေးငယ်တွေက လူကြီးလူလတ်တွေထက် ငယ်သေးတာကြောင့် ဆိုဒီယမ်အေဇိုက် မြိုချမိပါက အဆိပ်သင့်အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ရှင်းပြသွားပါတယ်။

 

အဆိုပါဓာတ်ပြုဆေးရည်နဲ့ မတော်တဆထိတွေ့မိပြီး အဆိပ်အတောက်ထိန်းချုပ်ရေးစင်တာကို အရေးပေါ်ခေါ်ဆိုခဲ့ရမှုတွေ ရှိခဲ့ပါတယ်။

 

အချို့လူတွေက ဆေးရည်ကိုမြိုချတယ်၊ အချို့က အရေပြားပေါ်မှောက်ကျမိတယ်၊ အချို့က မျက်စဉ်းဆေးရည်အထင်နဲ့ မျက်လုံးထဲထည့်မိတာတွေ ရှိခဲ့တယ်လို့ 'ဂျွန်ဆန်အာဘာ'က ဆိုပါတယ်။

 

"သင်ကိုယ်တိုင် ဒါမှမဟုတ် တစ်ယောက်ယောက်က ဆိုဒီယမ်အေဇိုက်ပါဝင်တဲ့ ဓာတ်ပြုဆေးရည်ကို မြိုချမိတာ၊ မျက်လုံးထဲဝင်သွားတာ၊ အရေပြားပေါ်ဖိတ်ကျတာတွေရှိတယ်ဆိုရင် အဆိပ်အတောက်ထိန်းချုပ်ရေးစင်တာကို ချက်ချင်းဆက်သွယ်ပေးပါ" လို့ ညွှန်ကြားခဲ့ပါတယ်။

Source: NPIS
#Yangon_Media_Group