#WorldHealth

တရုတ်နိုင်ငံ mRNA ကိုဗစ်ကာကွယ်ဆေးစမ်းသပ်မှုတွင် စမ်းသပ်ခံမည့်သူများခေါ်ယူ

++++++++++++++++++++

Published 31 January 2022

တရုတ်နိုင်ငံမှ ဝေါလ်ဗက်စ်ဘိုင်အိုတက်ခ်နော်လော်ဂျီ (Walvax Biotechnology) ကုမ္ပဏီက သူတို့ရဲ့ mRNA ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်မှုကြီးပြုလုပ်ဖို့ စမ်းသပ်ခံမည့်သူ ၂၈,၀၀၀ ကို ရှာဖွေခေါ်ယူထားကြောင်း ကုမ္ပဏီအကြီးတန်းအရာရှိတစ်ဦးက ကြာသပတေးနေ့က အသိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ mRNA နည်းပညာဖြင့်ထုတ်လုပ်တဲ့ တရုတ်ကာကွယ်ဆေးကို အသိအမှတ်မပြုသေးသလို ပြည်ပမှ mRNA ကာကွယ်ဆေးတွေကိုလည်း တင်သွင်းခြင်းမပြုသေးပါဘူး။

တရုတ်နိုင်ငံမှာ အသုံးအများဆုံး ကိုဗစ်ကာကွယ်ဆေးတွေဖြစ်တဲ့ ဆိုင်နိုဗက်နဲ့ ဆိုင်နိုဖန်တို့က အလွန်ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်နိုင်စွမ်း ထိရောက်မှုလျော့နည်းတာကြောင့် အခုကာကွယ်ဆေးအသစ်စမ်းသပ်မယ့်ကိစ္စက အလျင်အမြန်လုပ်ဆောင်ဖို့လိုနေပါတယ်။

နောက်အပတ်မှာ ဝေါလ်ဗက်စ်ကာကွယ်ဆေးရဲ့ တတိယအဆင့်စမ်းသပ်မှုကို ကိုဗစ်ကူးစက်မှုတွေအား ထုတ်ဖော်တွေ့ရှိနိုင်အောင် အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အချက်အလက်တွေကို သုံးသပ်သွားမှာဖြစ်ကြောင်း ဝေါလ်ဗက်စ်မှ ဒုဥက္ကဌဖြစ်သူ 'ဟောင်ကျန်'က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

စမ်းသပ်မှုပြုလုပ်သွားမယ့် သတ်မှတ်အချိန်တွေကိုတော့ မပြောပြသွားပါဘူး။

ပထမအဆင့်က ရောဂါကူးစက်မှုအားလုံးကို မလွတ်စေဘဲ ရှာဖွေတွေ့ရှိအောင် ပြုလုပ်ဖို့ဖြစ်ကြောင်း၊ စမ်းသပ်ခံမယ့်သူအချို့က ရောဂါကူးစက်တွေ့ရှိတဲ့အခါ ကွာရန်တင်းဝင်ရမှာစိုးတဲ့အတွက် ရောဂါတွေ့ရှိတာကို သတင်းမပို့မှာ စိုးရိမ်ရကြောင်း 'ဟောင်ကျန်'က ဆိုပါတယ်။

ပြည်ပမှ စမ်းသပ်ခံမည့်သူများကို ခေါ်ယူရာမှာ အစပိုင်းမှာ နှောင့်နှေးနေပေမယ့် ကာကွယ်ဆေးထိုးနှံမှုနှုန်းနည်းတဲ့ မြို့တွေမှာ လိုက်လံခေါ်ယူခဲ့ကြရာ စမ်းသပ်ခံမည့်သူတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ARCoV ကာကွယ်ဆေးကို ဝေါလ်ဗက်စ်ကုမ္ပဏီနဲ့အတူ ဆူကျိုအက်ဘိုဂျန်ဘိုင်အိုဆိုင်းယန့်စ် (Suzhou Abogen Biosciences)နဲ့ တရုတ်စစ်တပ်ကထောက်ပံ့ထားတဲ့ သုတေသနအဖွဲ့အစည်းတစ်ခုတို့က ပူးပေါင်းကာ ထုတ်လုပ်နေကြတာဖြစ်ပါတယ်။

ARCoV ကာကွယ်ဆေးကို တရုတ်၊ မက္ကဆီကို၊ အင်ဒိုနီးရှားနိုင်ငံတွေအပါအဝင် နိုင်ငံအချို့မှာ တတိယအဆင့်စမ်းသပ်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

တတိယအဆင့်စမ်းသပ်မှုပြုလုပ်ရာမှာ ကိုဗစ်လူနာတွေအနေနဲ့ အဖျားရောဂါ သိသိသာသာ ကျဆင်းခဲ့ကြောင်း အက်ဘိုဂျန်ကုမ္ပဏီတည်ထောင်သူ 'ယင်ဘို'က ပြောကြားသွားပါတယ်။

ကာကွယ်ဆေးထိုးထားသူတွေနဲ့ မထိုးရသေးတဲ့လူတွေကြား ရောဂါကူးစက်မှုနှုန်းကို နှိုင်းယှဉ်ကြည့်ပြီး ကာကွယ်ဆေးရဲ့ထိရောက်မှုကို တွက်ချက်ရာမှာ တတိယအဆင့်စမ်းသပ်မှုရဲ့ လေ့လာသုံးသပ်ချက်တွေက မရှိမဖြစ်လိုအပ်ပါတယ်။

ARCoV ကို booster အားမြှင့်ကာကွယ်ဆေးအဖြစ် စမ်းသပ်ဖို့အတွက်လည်း နောက်ထပ်အစမ်းသပ်ခံအယောက် ၁,၀၀၀ ကို ခေါ်ယူထားပြီး သွေးနမူနာတွေ စုဆောင်းသိမ်းဆည်းထားပါတယ်။

ဝေါလ်ဗက်စ်စက်ရုံတွေဟာ ကာကွယ်ဆေးအကြမ်းထည် သန်းပေါင်း ၄၀၀ နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းရှိနေပြီး ဒီထက်တိုးချဲ့သွားဖို့ ရည်ရွယ်ထားကြောင်း 'ဟောင်ကျန်'က ပြောခဲ့ပါတယ်။

Source: Reuters