Published-28 July 2021
သီရိလင်္ကာအာဏာပိုင်တွေက ကမ္ဘာ့အကြီးဆုံးကြယ်နီလာကျောက်ရိုင်းတုံးကြီးတစ်ခုကို ခြံနောက်ဖေးမှာ မတော်တဆတွေ့ရှိခဲ့ ရတယ်လို့ ဘီဘီစီသတင်းအရသိရပါတယ်။
ကျောက်မျက်ရတနာတွေထွက်ရှိတဲ့ သီရိလင်္ကာနိုင်ငံ၊ ရတနာပူရဒေသက သူ့ရဲ့အိမ်ဝင်းထဲမှာ အလုပ်သမားတွေက ရေတွင်း တစ်တွင်းတူးရင်းနှင့် အဲဒီကြယ်နီလာတုံးကြီးကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ အိမ်ရှင်ကျောက်ကုန်သည်က ပြောပါတယ်။
 
ကျွမ်းကျင်သူတွေအဆိုအရ အပြာရောင်ဖျော့ဖျော့ကလေးသမ်းနေတဲ့ အဲဒီနီလာကျောက်ကြီးဟာ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း၁၀၀ခန့် နိုင်ငံတကာပေါက်ဈေးရှိတယ်လို့ ပြောကြပါတယ်။
 
အဲဒီနီလာကျောက်ရိုင်းတုံးကြီးဟာ အလေးချိန်အားဖြင့် ၅၁၀ကီလိုဂရမ် ဒါမှမဟုတ် ၂.၅မီလျံကာရက်ခန့်ရှိပြီး “ မုတ်ဆိတ်ပျားစွဲ နီလာ”လို့ တင်စားအမည်ပေးထားလိုက်ကြပါတယ်။
“ ရေတွင်းတူးနေတဲ့သူတစ်ယောက်က ကျွန်တော်တို့ကို ရှားပါးတဲ့ ကျောက်တုံးကြီးတွေတွေ့တယ်လို့ အထိတ်တလန့် လာပြောတယ်။နောက်တော့ ဒီလောက်ကြီးတဲ့ဟာကြီးကိုတွေ့ရတာပဲ” လို့ ကျောက်ပိုင်ရှင် မစ္စတာဂမ်မေ့ချ်က ဘီဘီစီကို ပြောပါတယ်။
 
လုံခြုံရေးအခြေအနေကြောင့် သူက နေရာအတိအကျကိုမပြောပါဘူး။
ကျောက်ကုန်သည်မျိုးဆက်မှာ တတိယမျိုးဆက်ဖြစ်တဲ့ သူက နီလာကျောက်ရိုင်းတုံးကြီးတွေ့တဲ့အကြောင်းကို အာဏာပိုင်တွေဆီ အကြောင်းကြားလိုက်ပါတယ်။ ဒါပေမယ့် ကျောက်တုံးပေါ်က ရွံ့တွေဖယ် ကျောက်ကိုသွေးပြီး ထောက်ခံချက်ရဖို့ အချိန် တစ်နှစ်ကျော်ယူရဦးမယ်လို့ သူကပြောပါတယ်။
 
ကျောက်ကိုသွေးရင်း အချို့အစိတ်အပိုင်းတွေ ထွက်ကျလာပြီး အဲဒါတွေက အရည်အသွေးမြင့် ကြယ်နီလာတွေဖြစ်နေတာ တွေ့ရတယ်လို့ သူကပြောပါတယ်။
ရတနာပူရဆိုတာ သီရိလင်္ကာလို ရတနာမြို့တော်လို့ အဓိပ္ပါယ်ရပါတယ်။ သီရိလင်္ကာမှာ ရတနာပူရမြို့ဟာ ကျောက်မျက်ရတနာတွေရဲ့မြို့တော်အဖြစ်လူသိများကြပါတယ်။ အခြားသော အဖိုးတန်ကျောက်မျက်တွေများစွာ အရင်တုန်းက ရတနာပူရမှာတွေ့ခဲ့ကြရပါတယ်။
 
သီရိလင်္ကာဟာ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာတွေကိုပြည်ပတင်ပို့နေတဲ့ ဦးဆောင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
မနှစ်ကဆိုရင် ကျောက်မျက်ပြည်ပတင်ပို့မှုကနေ သီရိလင်္ကာဟာ ဒေါ်လာ ဘီလျံဝက်(သန်း၅၀၀)ခန့် ရရှိခဲ့ပါတယ်။
 
“ ဒီလောက်ကြီးမားတဲ့ ကျောက်မျိုး ကျွန်တော်မမြင်ဖူးဘူး။ ဒီကျောက်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀၀ခန့်က ဖြစ်တည်ခဲ့တာဖြစ်နိုင်တယ်” လို့ နာမည်ကြီး ကျောက်မျက်ပညာရှင် ဒေါက်တာ ဂမ်မီနီဇိုယဆာက ဘီဘီစီကို ပြောပါတယ်။
 
“ ဒီကျောက်ကြီးဟာ တကယ့်အထူးကြယ်နီလာတုံးကြီးပဲ။ ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်ဖို့များတယ်။ အရွယ်အစားနှင့်တန်ဖိုးအရ ကိုယ်ပိုင်စုဆောင်းသူတွေ ဒါမှမဟုတ် ပြတိုက်တွေက စိတ်ဝင်စားကြလိမ့်မယ်” လို့ သီရိလင်္ကာရဲ့ အမျိုးသားကျောက်မျက်ရတနာအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ သီလက်ဝီရဆင်ဟီက ပြောပါတယ်။
Source:BBC