ဒယ်လ်တာမျိုးဗီဇကွဲအကြောင်း ကမ္ဘာ့ဦးဆောင်ပညာရှင်(၁၀)ဦးနှင့်

ရိုက်တာသတင်းဌာနတွေ့ဆုံမေးမြန်းထားသည်များ

++++++++++++++++++++++++++++++

Published: 27 July 2021

ချီကာဂို/လန်ဒန်(ရိုက်တာ)-

ဒယ်လ်တာမျိုးဗီဇကွဲဟာ ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ အမြန်ဆုံး၊အစွမ်းသတ္တိအရှိဆုံးနှင့် ကြောက်မက်ဘွယ် အကောင်းဆုံး  မျိုးဗီဇကွဲဖြစ်နေပါတယ်။  နိုင်ငံတွေက ကန့်သတ်ချက်တွေဖြေလျော့ပေး၊စီးပွားရေးတွေပြန်ဖွင့်ပေးလုပ်နေတာတောင် ဒယ်လ်တာနှင့်ပတ်သက်တဲ့ တွေးဆချက်တွေက ကပြောင်းကပြန်ဖြစ်လာနေတယ်လို့ ဗိုင်းရပ်စ်ပညာရှင်တွေနှင့် ကူးစက်ရောဂါပညာရှင်တွေက ပြောကြပါတယ်။

ပြင်းထန်တဲ့ကူးစက်မှုတွေ၊ဆေးရုံတက်ရတာတွေအပေါ် မည်သည့် မျိုးဗီဇကွဲကိုမဆို ကာကွယ်ဆေးတွေရဲ့ ကာကွယ်နိုင်စွမ်းက မြင့်မားနေတုန်းပဲဖြစ်ပါတယ်။ ဘေးအန္တရာယ်အရှိနိုင်ဆုံးသူတွေကတော့ ကာကွယ်ဆေးမထိုးကြရသေးတဲ့ သူတွေပါလို့ ကိုဗစ်-၁၉နှင့်ပတ်သက်လို ကျွမ်းကျင်တဲ့ ဦးဆောင်ပညာရှင်(၁၀)ဦးနှင့် အင်တာဗျူးတွေအရ သိရပါတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားပါတယ်။

အိန္ဒိယမှာစတွေ့ခဲ့တဲ့ ဒယ်လ်တာ မျိုးဗီဇကွဲနှင့်ပတ်သက်လို့ အဓိကပူပန်ရတဲ့အချက်က လူတွေက ဖျားနာအောင်လုပ်တာ မဟုတ်ပါဘူး။ လူတစ်ဦးကနေတစ်ဦးကို လွယ်လွယ်လေးကူးနိုင်တာကိုပါ။ အဲဒါတွေကြောင့် ကာကွယ်ဆေးမထိုးရတဲ့ သူတွေံ အကြား ကူးစက်မှုတွေနှင့်ဆေးရုံတက်ရတာတွေများပြားလာတာဖြစ်ပါတယ်။

အဲဒီအပြင် ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေအတွက်လည်း ဒယ်လ်တာက အခြားမျိုးဗီဇကွဲတွေထက် ကူးစက်ဖို့ ပိုအခွင့် အရေးများတယ်။ အဲဒီသူတွေအနေနှင့်လည်း ဗိုင်းရပ်စ်ကို အခြားသူတွေကို ပြန်ပြီးဖြန့်တောင်ဖြန့်နိုင်တယ်လို့ အဲဒီပညာရှင်တွေက ပြောကြပါတယ်။

“ ယခုလတ်တလောမှာ ကမ္ဘာကြီးအတွက် အကြီးမားဆုံးအန္တရာယ်က ဒယ်လ်တာသာဖြစ်တယ်” လို့ အဏုဇီဝပညာရှင် ရှာရွန်ပီးကော့တ်က ပြောပါတယ်။ သူမဟာ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေရဲ့ မျိုးရိုးဗီဇတွေကို လေ့လာနေတဲ့ ဗြိတိန်ရဲ့ လုပ်ငန်းတွေကို ဦးဆောငနေသူဖြစ်ပါတယ်။ ဗိုင်းရပ်စ်တွေဟာ သန္ဓေတွေ ထပ်ကာထပ်ကာ ပြောင်းရာကနေ တရွေ့ရွေ့ ပြောင်းလဲဖြစ်ပေါ်နေပြီး အသစ်တွေထပ်ထွက်လာတယ်။ တစ်ခါတစ်ရံမှာ အသစ်တွေဟာ မူလမျိုးဗီဇထက်ပိုပြီး ကြောက်စရာကောင်းလာတတ်ပါတယ်။

ယခုအထိ ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုဆိုင်ရာ သတင်းအချက်အလက်တွေ ထပ်ရနေပါတယ်။ ရောဂါဗေဒပညာရှင်တွေ ကတော့ mask တပ်တာ၊ ခပ်ခွာခွာနေတာနှင့် နိုင်ငံတွေအလိုက် လမ်းညွှန်ချက်တွေနှင့်အတူ ကျယ်ပြန့်တဲ ကာကွယ်ဆေး ထိုးကြရေးလှုံ့ဆော်စည်းရုံးမှုတွေ ထပ်လိုအပ်နိုင်တယ်လို့ ပြောနေကြပါတယ်။

အင်္ဂလန်ရဲ့ ပြည်သူ့ကျန်းမာရေးဌာနက ဒယ်လ်တာမျိုးဗီဇကွဲကြောင့် ဗြိတိန်က ဆေးရုံတက်လူနာ ၃၆၉၂ဦးထဲမှာ ၅၈.၃ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေဖြစ်ကြပြီး ၂၂.၈ ရာခိုင်နှုန်းက ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေဖြစ်ကြတယ်လို့  သောကြာနေ့က ပြောကြားခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှာ ဒယ်လ်တာဟာ အများဆုံးတွေ့ရတဲ့ မျိုဗီဇကွဲဖြစ်နေပြီလို့ သောကြာနေ့က အစိုးရအရာရှိတွေက ပြောကြား ကြပါတယ်။ ကူးစက်သူတွေရဲ့ လေးပုံသုံးပုံဟာ ကာကွယ်ဆေးထိုးပြီးသားသူတွေဖြစ်ကြပေမယ့် အဲဒီထဲက တစ်ဦးတစ်ယောက်မျှ ဆေးရုံမတက်ကြရဘူးလို့ သူတို့ကပြောပါတယ်။

အစ္စရေးအရာရှိတွေကလည်း သူတို့နိုင်ငံမှာ ဆေးရုံတက်ကြရတဲ့သူတွေရဲ့ ၆၀ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထိုးပြီးသားသူတွေ ဖြစ်ကြတယ်။ ဒါပေမယ့် အများစုဟာ အသက်၆၀ကျော်တွေနှင့် ရောဂါအခံရှိသူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အခြားနိုင်ငံတွေထက် ကူးစက်သူတွေနှင့်သေဆုံးသူတွေပိုများတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကူးစက်မှုအသစ်တွေရဲ့ ၈၃ရာခိုင်နှုန်းဟာ ဒယ်လ်တာမျိုးဗီဇကွဲကြောင့်ဖြစ်ပါတယ်။အခုထက်ထိ ဆိုးရွားတဲ့အခြေအနေ ရှိသူတွေအားလုံးရဲ့၉၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထိုးမထားကြသူတွေဖြစ်တယ်လို့ပြောပါတယ်။

“ ကျွန်တော်တို့ရဲ့ပြသနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ ပဉ္စလက်ကျည်ဆံတစ်ခုရှိတယ်လို့ အမြဲတမ်း ထင်ယောင်ထင်မှား ဖြစ်တတ်ကြတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ကျွန်တော်တို့ကို သင်ခန်းစာပေးနေတယ်” လို့ အစ္စရေးနိုင်ငံ၊ ဘင်ဂူရီယွန် တက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး နာဒက်ဖ်ဒေဗစ်ဒိုဗစ်ချ်က ပြောပါတယ်။

ဒယ်လ်တာမျိုးဗီဇကွဲပျံ့နှံ့လာတဲ့ အလျောက် အစ္စရေးမှာ ဖိုင်ဇာရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ရောဂါလက္ခဏာပြတဲ့ ကူးစက်မှုတွေကို ၄၁ရာခိုင်နှုန်းပဲ အကာအကွယ်ပေးနိုင်ခဲ့တာတွေ့ရတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဒါပေမယ့် ကောက်ချမချခင် အချက်အလက်တွေ သည့်ထက်ပိုလိုအပ်သေးတယ်လို့ အစ္စရေးပညာရှင်တွေက ပြောထားကြပါတယ်။

“ တစ်ဦးချင်းစီကို အကာအကွယ်က ကောင်းကောင်းကြီးပေးနိုင်တယ်။ဒါပေမယ့် အခြားသူတွေမကူးစက်နိုင်ခြေကတော့ သိသိသာသာ နည်းပါးနေတယ်” လို့ ဒေးဗစ်ဒိုဗစ်ချ်က ပြောပါတယ်။

တရုတ်နိုင်ငံက လေ့လာမှုတစ်ခုအရ ဒယ်လ်တာကူးစက်ခံရတဲ့ လူတွေဟာ ဝူဟန်ရဲ့ မူလဗိုင်းရပ်စ်ကူးစက်ခံရသူတွေနှင့် နှိုင်းယှဉ်ရင် သူတို့ရဲ့နှာခေါင်းတွေထဲမှာ ဗိုင်းရပ်စ်တွေ အဆတစ်ထောင်ပိုများတယ်လို့ ဆိုပါတယ်။

“ ဗိုင်းရပ်စ်တွေကိုပိုပြီးစွန့်ထုတ်ပစ်လို့ ပိုပြီးကူးစက်မှုတွေများနေတာမျိုးဖြစ်နိုင်တယ်။ အဲဒါကို ဆက်ပြီးတော့ စူးစမ်းလေ့လာ နေပါတယ်” လို့ ပီးကော့တ်ကပြောပါတယ်။

ဒယ်လ်တာ မျိုးဗီဇကွဲဟာ ပိုးမွေးချိန်ပိုတိုတောင်းပြီး ဗိုင်းရပ်စ်အမှုန်အစက်တွေက တော်တော်ကြီးကိုပိုများတယ်လို့ ကာလီဖိုးနီးယား၊လာဂျိုလာက စကရစ်ပ် သုတေသနဘာသာပြန်ဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ ဗိုင်းရပ်စ်ပညာရှင် အဲရစ်တတော့ပိုလ်က မှတ်မှတ်သားသားပြောပါတယ်။

“ အဲဒါကြောင့် ကာကွယ်ဆေးတွေဟာ စိန်ခေါ်မှုတွေဖြစ်လာနေတာ။ ကာကွယ်ဆေးထိုးထားတဲ့သူတွေ ဒီအချိန်မှာ ပိုပြီး ကောင်းကောင်းဂရုစိုက်နေထိုင်ကြရမယ်။ အင်မတန်ခက်ခဲတဲ့ အချိန်ပဲ” လို့ တော့ပိုလ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေးထိုးထားသူရော မထိုးထားသူတွေပါ အခန်းတွင်းမှာ mask တွေမတပ်ကြတော့ တာကြောင့် ဒယ်လ်တာ မျိုးဗီဇကွဲဟာ အမေရိကန်တော်တော်များများကို ကူးစက်နေပါတယ်။

“ နှစ်ထပ်ကွမ်းကံဆိုးမိုးမှောင်ကျတာပါပဲ” လို့ တော့ပိုလ်ကပြောပါတယ်။ “ ကြောက်စရာအကောင်းဆုံးဗိုင်းရပ်စ်ဗားရှင်းနှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေကြရတဲ့အခါ နောက်ဆုံးကျမှလိုချင်တဲ့အရာက ကန့်သတ်ချက်တွေဖြေလျှော့ပေးတာကို ဖြစ်ပါတယ်။  အာနိသင်သိပ်ကောင်းတဲ့ ကာကွယ်ဆေးတွေက “ငါတို့ ကာကွယ်ဆေးထိုးပြီးပြီဆိုတာနှင့် အန္တရာယ်အတော်နည်းသွားပြီ” လို့ လူတွေကို ယုံကြည်သွားစေခဲ့တယ်” လို့ သူကဆက်ပြောပါတယ်။

“ ကာကွယ်ဆေးတွေ စပြီးထုတ်လုပ်တုန်းက ကူးစက်မှုကို ကာကွယ်ပေးမယ်လို့ ဘယ်သူမှမတွေးထားခဲ့ကြဘူး” လို့ အတ္တလန်တာက အမ်မိုရီတက္ကသိုလ်၊ဆေးဝါးနှင့်ကူးစက်ရောဂါပညာရှင်ပါမောက္ခ ကာလိုဒယ်လရိုင်ယိုက ပြောပါတယ်။ ရည်ရွယ်ချက်က အပြင်းအထန်ဖျားနာတာနှင့်သေဆုံးတာကို ကာကွယ်ပေးဖို့ပဲလို့လည်း ဆက်ပြောပါသေးတယ်။

ကာကွယ်ဆေးတွေက သိပ်ထိရောက်ပါတယ်။ ဒါပေမယ့် အရင် မျိုးဗီဇကွဲတွေကူးစက်တာကိုလည်း ကာကွယ်ပေးနိုင်တဲ့ အရိပ်လက္ခဏာတွေတွေ့နေရပါတယ်။ ကျွန်တော်တို့ အလိုလိုက်လွန်းတယ် လို့ ဒယ်လ်ရိုင်ယိုကပြောပါတယ်။

“ လူတွေက သူတို့ကို ရာနှုန်းပြည့် မကာကွယ်ပေးနိင်လို့ လူတွေက အခုအချိန်မှာ အတော်စိတ်ပျက်နေကြတယ်။ ကာကွယ်ဆေးထိုးပြီးသားတာင်ကူးစက်နေလို့ပဲဖြစ်တယ်” လို့ ဆန်ဖရန်စစ္စကို၊ကာလီဖိုးနီးယားတက္ကသိုလ်ရဲ့ ကူးစက်ရောဂါဆိုင်ရာဆရာဝန် ဒေါက်တာ မိုနီကာဂန္ဒီကပြောပါတယ်။

ဒါပေမယ့် လို့ဆိုပြီး ဂန္ဒီက ကိုဗစ်-၁၉ကြောင့် ဆေးရုံတက်နေရတဲ့ အမေရိကန်အကုန်လုံးနီးပါးဟာ ကာကွယ်ဆေးမထိုးကြသေးတဲ့သူတွေဖြစ်တယ်ဆိုတဲ့အချက်ဟာ တော်တော်အံ့အားသင့်စရာကောင်းတဲ့ အကျိုးအာနိသင်ပဲ” လို့ သူမက ဆက်ပြောလိုက်ပါတယ်။

Source: Reuters- How the Delta variant upends assumptions about Covid-19