#WorldPolitics

Published - 24 January 2022


ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'ကို လေးစားထိုက်တယ်လို့ မှတ်ချက်ပြုခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ဂျာမနီရေတပ်ဦးစီးချုပ်ဟာ စနေနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

ဂျာမနီရေတပ်ဦးစီးချုပ်ဟာ "ယူကရိန်းအနေနဲ့ ခရီမီယာကျွန်းဆွယ်ကို ရုရှားထံကနေ ဘယ်တော့မှ ပြန်ရနိုင်မှာမဟုတ်ဘူး" လို့ လည်း ပြောသွားခဲ့ပါတယ်။

"ကျွန်တော့်ကို ဒီရာထူးတာဝန်ကနေ အခုချက်ချင်းနှုတ်ထွက်ခွင့်ပေးဖို့ ကာကွယ်ရေးဝန်ကြီး 'ခရစ္စတင်းလမ်ဘရက်ချ်'ကို ခွင့်တောင်းခဲ့ပြီး ဝန်ကြီးကလည်း လက်ခံပေးခဲ့ပါတယ်" လို့ ရေတပ်ဒုဗိုလ်ချုပ် 'ကေအာခမ်ရွှမ်ဘာ့'က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သောကြာနေ့က အိန္ဒိယမှာပြုလုပ်ခဲ့တဲ့ ကျွမ်းကျင်အကြံပေးအဖွဲ့အစည်းအဝေးပွဲမှာ 'ရွှမ်ဘာ့'က ပူတင်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုခဲ့ရာ အစည်းအဝေးပွဲဗီဒီယိုကို လူမှုကွန်ရက်မှာ ပြသခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနယ်စပ်အနားမှာ ရုရှားစစ်အင်အားသောင်းဂဏန်းခန့် နေရာချထားခြင်းနဲ့ပတ်သက်ပြီး အထိမခံဖြစ်နေကြတဲ့အချိန်မှာ အဆိုပါမှတ်ချက်စကားကို ပြောကြားမိခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်မလာအောင် သံတမန်ရေးအရဖြေရှင်းဖို့ အာရုံစိုက်လုပ်ဆောင်နေကြပြီး ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဉ်မရှိကြောင်း ရုရှားတို့ က ငြင်းဆိုထားပါတယ်။

"ပူတင်က အနောက်နိုင်ငံရဲ့တန်းတူဆက်ဆံခြင်းကို လိုချင်နေတာဖြစ်တယ်။ သူ့ကိုလေးစားမှုပြုစေချင်နေတာ ဖြစ်ပါတယ်"လို့ နယူးဒေလီမှာပြုလုပ်တဲ့ အစည်းအဝေးပွဲမှာ 'ရွှမ်ဘာ့'က အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားသွားခဲ့ပါတယ်။

"တစ်ယောက်ယောက်ကို လေးစားမှုပြသခြင်းက ဘာမှအပန်းကြီးတာမဟုတ်ပါဘူး။ သူလိုချင်နေတဲ့ လေးစားမှုကို အလွယ်တကူပေးလိုက်လို့ရပါတယ်။ ဒီထက်တောင်ပိုပြီး ထိုက်တန်ဦးမှာပါ" လို့ ဆိုကာ ရုရှားနိုင်ငံဟာ အရေးကြီးတဲ့နိုင်ငံဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

ယူကရိန်းအရေးမှာ ရုရှားရဲ့လုပ်ရပ်က ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်ကြောင်း 'ရွှမ်ဘာ့'က ဝန်ခံလိုက်ပါတယ်။ယူကရိန်းအနေနဲ့ ခရီမီယာကျွန်းဆွယ်ကို ဘယ်တော့မှ ပြန်ရနိုင်မှာမဟုတ်ကြောင်း၊ ၂၀၁၄ ခုနှစ်က ယူကရိန်းဆီကနေ အဆိုပါကျွန်းဆွယ်ကို ရုရှားတို့သိမ်းယူခဲ့တဲ့အပေါ် အမေရိကန်တို့ရဲ့ သဘောထားရပ်တည်ချက်က လက်ခံနိုင်စရာမရှိကြောင်း၊ အဲဒီသဘောထားကို ပြောင်းလဲဖို့လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားပါတယ်။

'ရွှမ်ဘာ့'နှုတ်ထွက်ခြင်းမပြုမီ ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့မှတ်ချက်ပြုစကားတွေကို လူသိရှင်ကြားဝေဖန်လိုက်ကာ အဲဒီမှတ်ချက်စကားတွေက ဂျာမနီရဲ့သဘောထားရပ်တည်ချက်တွေ မဟုတ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

"အိန္ဒိယအစည်းအဝေးပွဲမှာ ကျွန်တော်မဆင်မခြင်ပြောဆိုမိတာတွေက ကျွန်တော်တို့တပ်ဖွဲ့အတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်ရဲ့ပြောကြားချက်ကြောင့် ဂျာမနီရေတပ်၊ ဂျာမနီစစ်တပ်နဲ့ အထူးသဖြင့် ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံကြီး ပျက်စီးယိုယွင်းလာမှာစိုးတဲ့အတွက် အခုလိုရာထူးမှနှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်"လို့ 'ရွှမ်ဘာ့'က တောင်းပန်စကားပြောကြားသွားပါတယ်။

ဂျာမနီရေတပ်ဦးစီးချုပ်ရဲ့မှတ်ချက်စကားကို လူသိရှင်ကြားငြင်းပယ်ပေးဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဂျာမနီကို တောင်းဆိုလိုက်ပါတယ်။

'ရွှမ်ဘာ့'ရဲ့ပြောကြားချက်တွေက အခြေအနေကိုထိန်းသိမ်းဖို့ကြိုးစားနေတဲ့ အနောက်နိုင်ငံရဲ့ကြိုးပမ်းမှုကို ထိခိုက်စေနိုင်ကြောင်း ယူကရိန်းဘက်က ထုတ်ပြန်လိုက်ပါတယ်။

ရုရှား-ယူကရိန်း လက်နက်ကိုင်ပဋိပက္ခတွေကို ဂျာမနီက ကူညီဖြေရှင်းခဲ့သလို ၂၀၁၄ ခုနှစ်ကတည်းက ထောက်ပံ့ကူညီလာတာကြောင့် ယူကရိန်းတို့က ဂျာမနီကို ကျေးဇူးတင်အလေးထားနေခဲ့တာဖြစ်ပါတယ်။
Source: Reuters