Published-26 July 2021
အိမ်ဖြူတော် ကျန်းမာရေးအကြံပေး ဒေါက်တာ အန်သိုနီဖော်ချီက ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(စီဒီစီ) အနေဖြင့် လမ်းညွှန်ချက်တွေကို ပြန်လည်စဉ်းစားနေပြီး ကာကွယ်ဆေးထိုးနှံပြီးတဲ့ အမေရိကန်နိုင်ငံသားတွေကို mask တွေပြန်လည်တပ်ဖို့ လိုအပ်လာလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။
ကိုဗစ်-၁၉ ဒယ်လ်တာမျိုးဗီဇကွဲကြောင့် အမေရိကန်ပြည်ထောင်စုမှာ ကူးစက်မှုတွေမြင့်တက်လာနေတဲ့အတွက် နှာခေါင်းစည်း mask တွေပြန်လည်တပ်ကြဖို့ ထိပ်တန်းကျန်းမာရေးအရာရှိတွေ ကနဦးပြောဆိုဆွေးနွေးနေကြတယ်လို့ သိရါတယ်။ လက်ရှိညွှန်ကြားချက်အရဆိုရင် ကာကွယ်ဆေးထိုးပြီးသူ အမေရိကန်နိုင်ငံသားတွေဟာ အများပြည်သူနေရာတွေမှာ mask တွေဝတ်ဆင်စရာမလိုပါဘူး။
အဲသလို maskပြန်လည်တပ်ဖို့ကိစ္စက လက်ရှိစဉ်းစားနေတဲ့ကိစ္စဖြစ်တယ်လို့ ဖော်ချီက စီအင်န်အန်ရုပ်သံကို တနင်္ဂနွေနေ့က ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီအပြောင်းအလဲ ဘယ်တော့စမလဲဆိုတာကိုတော့ ကူးစက်ရောဂါပညာရှင် ဒေါက်တာဖော်ချီက အချိန်ကာလကို ပြောမသွားခဲ့ပါဘူး။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများပြားလာတဲ့အတွက် mask ပြန်တပ်ကြဖို့ခပ်သွက်သွက်လုပ်နေကြတဲ့ ပြည်နယ်အရာရှိတွေကိုတော့ သူကချီးကျူးလိုက်ပါတယ်။
ဖော်ချီနှင့် အခြားအိမ်ဖြူတော်အရာရှိတွေက ကာကွယ်ဆေးမထိုးတဲ့သူတွေကို ကာကွယ်ဆေးထိုးနှံကြဖို့ပြောဆိုနေကြပေမယ့် မထိုးဘူးလို့ငြင်းထားကြသူတွေထဲမှာ စိတ်ပြောင်းမယ့်သူက အတော်ရှားနေပါတယ်။
လမ်းညွှန်ချက်တွေကိုအမျိုးမျိုးမှောက်ချည် လှန်ချည်လုပ်နေသူဖြစ်ပေမယ့် ဒေါက်တာဖော်ချီကို ကပ်ဘေးသူရဲကောင်းကြီးအဖြစ် ဒီမိုကရက်နိုင်ငံရေးသမားတွေနှင့် ပင်မရေစီးမီဒီယာတွေက ပုံဖော်ထားကြပါတယ်။ အခုလည်း ကာကွယ်ဆေးထိုးပြီးသူတွေ mask ပြန်တပ်ရမယ်လို့ အကြံပြုတဲ့အပေါ် ကွန်ဆာဗေးတစ်တွေက တစ်ကျော့ပြန်ပြီး သူ့ကိုဝေဖန်အပြစ်တင်နေကြပါတယ်။
Source RT News