Published 16 July 2021
စပင်ဘိုးဒက်,အာဖဂန်နစ္စတန်-
ရိုက်တာသတင်းဌာနရဲ့သတင်းထောက် ဒန်းနစ်ဆစ်ဒီကီဟာ အာဖဂန်တပ်တွေနှင့် တာလီဘန်တိုက်ခိုက်ရေးသမားတွေ အကြား ပါကစ္စတန်နယ်စပ်အနီးတိုက်ပွဲတွေကို သတင်းရယူရင်း ဇူလိုင်၁၆ရက်၊သောကြာနေ့က အသတ်ခံလိုက်ရတယ်လို့ အာဖဂန်တိုင်းမှူးတစ်ဦး ကပြောပါတယ်။
 
အာဖဂန်အထူးတပ်ဖွဲ့တွေက စပင်ဘိုးဒက်ဒေသရဲ့ အဓိကဈေးကြီးကို ပြန်လည်ရယူဖို့ တိုက်ပွဲအတွင်းမှာ ဆစ်ဒီကီနှင့် အာဖဂန်စစ်တပ်အကြီးတန်းအရာရှိတစ်ဦး တာလီဘန်တွေပစ်လို့ သေဆုံးရတာဖြစ်တယ်လို့ ထိုအရာရှိက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
 
ဆစ်ဒီကီဟာ ဒီတစ်ပတ်အစောပိုင်းကစပြီး တောင်ပိုင်းပြည်နယ် ကန်ဒါဟာရဲ့ အာဖဂန်အထူးတပ်ဖွဲတွေနှင့်အတူ သတင်းစာဆရာတစ်ဦးအနေနှင့် တိုက်ပွဲသတင်းလိုက်ယူနေတာဖြစ်ပါတယ်။
 
“ ကျွန်တော်တို့ သတင်းအချက်အလက်တွေအသစ်တွေ အရေးတကြီးရှာဖွေနေတယ်။ ဒေသဆိုင်ရာအာဏာပိုင်တွေ နှင့် လက်တွဲလုပ်ဆောင်နေပါတယ်” လို့ ရိုက်တာရဲ့ဥက္ကဋ္ဌ မိုက်ကယ်ဖရင်ဒင်းဘတ်နှင့် အယ်ဒီတာချုပ် အလက်ဆန်ဒရာဂယ်လိုနီတို့က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။
 
“ ဒန်းနစ်ဟာ ထူးချွန်တဲ့ သတင်းစာဆရာတစ်ဦးပါ။ ပြီးတော့ သစ္စာရှိတဲ့ခင်ပွန်းတစ်ဦးနှင့်ဖခင်တစ်ဦးလည်းဖြစ်တယ်။
လုပ်ဖော်ကိုင်ဖက်တွေနှင့်လည်းအလွန်ရင်းနှီးချစ်ခင်တယ်။ ဒီလိုဆိုးရွားလွန်းလှတဲ့အချိန်ကြီးမှာ ကျွန်တော်တို့ဟာ သူ့မိသားစုနှင့်ထပ်တူထပ်မျှပါပဲ” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
သူဟာတိုက်ပွဲသတင်းရယူရင်း ဗုံးဆန်ထိမှန်လို့ လက်မောင်းမှာဒဏ်ရာရထားတယ်လို့ သောကြာနေ့စောစောပိုင်းမှာ သူက ရိုက်တာကို ပြောခဲ့ပါတယ်။ တာလီဘန်တိုက်ခိုက်ရေးသမားတွေက စပင်ဘိုးဒက်မှ တိုက်ပွဲကနေ ဆုတ်ခွာသွားချိန်မှာ သူ ဒဏ်ရာသက်သာသွားတယ်လို့သိရပါတယ်။ သို့သော် ထပ်ဖြစ်တဲ့တိုက်ပွဲအကြောင်းအသေးစိတ်ကိုတော့ အတည်ပြုလို့ မရသေးဘဲဖြစ်နေပါတယ်။
 
ဆစ်ဒီကီဟာ ၂၀၁၈ခုနှစ် ပုလစ်ဇာသတင်းဆောင်းပါးဆုရရှိခဲ့တဲ့ ရိုက်တာဓါတ်ပုံအဖွဲ့မှာပါဝင်ခဲ့သူပါ။
သူဟာ ၂၀၁၀ခုနှစ်ကတည်းက ရိုက်တာရဲ့ဓါတ်ပုံသတင်းထောက်လုပ်ခဲ့သူဖြစ်ပြီး အာဖဂန်နစ္စတန်နှင့်အီရတ်ကစစ်ပွဲတွေ၊ရိုဟင်ဂျာပြသနာ၊ဟောင်ကောင်ဆန္ဒပြပွဲတွေနှင့် နီပေါငလျင်စတာတွေကို သတင်းရယူခဲ့သူဖြစ်တယ်လို့ရိုက်တာကရေးသားထားပါတယ်။
Source: Reuters