#World_Technology
Published 17 March 2024


ချစ်ရခင်ရသူတွေနဲ့ ခွဲခွာဆုံးရှုံးရတာဟာ လူတိုင်းအတွက် အကြေကွဲရဆုံး ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ဖြေသိမ့်ဖို့ ကြိုးစားကြရပါတယ်။

 

မိခင်ဖြစ်သူကို မမျှော်လင့်ဘဲ ဆုံးရှုံးလိုက်ရတဲ့ ဆီးရီးယား သရုပ်ဆောင်မင်းသမီး မယ်လက်စ်ဟာ ကွယ်လွန်သူပုံစံမျိုး ဖန်တီးထားတဲ့ AI အခြေပြု ကွန်ပျူတာစနစ် ‘ပရောဂျက်ဒီဇင်ဘာ’ကို အသုံးပြုပြီး နှစ်သိမ့်နိုင်ခဲ့ပါတယ်။

 

AI စနစ်က သူမအတွက် ကျေနပ်မှုပေးနိုင်ခဲ့သလို တကယ့်အစစ်အမှန်လို ဖြစ်တာမျိုးတွေကလည်း ထိတ်လန့်စရာဖြစ်ခဲ့ပါတယ်။

 

မယ်လက်စ်ဟာ ၂၀၁၅ ခုနှစ်က ဆီးရီးယားမှ ထွက်ခွာစဥ် အမေဖြစ်သူနဲ့ ကွဲကွာခဲ့ကာ ဂျာမနီသို့ ပြောင်းရွှေ့ခဲ့ပါတယ်။


သမီးလေးမွေးပြီးနောက် ပြန်လာပြီး အမေနဲ့တွေ့ချင်ခဲ့ပေမယ့် အခွင့်မရခဲ့ဘဲ အမေဖြစ်သူ နာဂျာဟာ ၂၀၁၈ ခုနှစ်မှာ ကျောက်ကပ် အလုပ်မလုပ်တော့တာကြောင့် မထင်မှတ်ဘဲ ကွယ်လွန်ခဲ့ပါတယ်။

 

ဆုံးရှုံးမှုအတွက် ဖြေသိမ့်ရန် ၄ နှစ်လောက် ခက်ခဲခဲ့ရပြီး ပရောဂျက်ဒီဇင်ဘာကို အသုံးပြုခဲ့ပါတယ်။

 

သူ့အမေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အွန်လိုင်းကနေ ဖြည့်စွက်ခဲ့ရပါတယ်။

 

OpenAI ရဲ့ GPT2 ဗားရှင်းမှ AI စကားပြောစက်ဟာ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေပေါ် မူတည်ပြီး မယ်လက်စ်အမေရဲ့ ကိုယ်ရေးအကျဥ်းကို ဖန်တီးလိုက်ပါတယ်။

 

ဒီလိုကွန်ပျူတာစနစ်တွေဟာ အင်တာနက်မှ စာအုပ်၊ ဆောင်းပါး၊ စာသားတွေကနေ အချက်အလက်များ ရယူကာ မေးလာသမျှကို တုန့်ပြန်ဖြေကြားရန် ဖန်တီးထားတာ ဖြစ်ပါတယ်။

 

အသုံးပြုသူတွေက ၁၀ ဒေါ်လာမျှဖြင့် တစ်နာရီကြာအောင် ပြောဆိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

စကားပြောစက်ကို အသုံးပြုခဲ့တဲ့ မယ်လက်စ်ရဲ့ အတွေ့အကြုံက တကယ်ခံစားရသလိုမျိုး ဖြစ်ရတဲ့ အချိန်တွေရှိသလို ကြောက်ရွံ့စရာကောင်းတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။

 

ပရောဂျက်ဒီဇင်ဘာကို အသုံးပြုသူပေါင်း ၃၀၀၀ ကျော်ရှိနေပြီး အများစုက ကွယ်လွန်သူများနဲ့ စကားပြောဆိုတဲ့ပုံစံမျိုး ပြုလုပ်ချင်ကြတာ ဖြစ်ပါတယ်။

 

အသုံးပြုသူတွေက ချစ်ရသူကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့သူတွေ ဖြစ်တယ်လို့ ပရောဂျက်တည်ထောင်သူ ဂျေဆန်ရိုရာက ဆိုပါတယ်။

 

ထိုပရောဂျက်က နှစ်သိမ့်မှုပေးနိုင်ပေမယ့် သတိပြုသုံးစွဲဖို့ မယ်လက်စ်က မှာကြားလိုက်ပါတယ်။

 

ဝမ်းနည်းမှုကို သဘာဝအတိုင်း ဖြေသိမ့်တာက AI စက်ရုပ်တွေ အသုံးပြုတာထက်တော့ ပိုကောင်းပါတယ်။

 

#World_Technology #အမျိုးသမီးကြောက်လန့်ဖွယ်တုန့်ပြန်ဖြေဆိုမှု #ကွယ်လွန်သူမိခင် #Source: WION