#World_Science
Published 17 March 2024


တောင်ကိုရီးယား သုတေသီများက ဆန်စေ့တွေထဲမှာ အမဲသားဆဲလ်များ ထည့်သွင်းကြီးထွားလာစေရန် စမ်းသပ်ပြုလုပ်နေကြပြီး အသားရရှိဖို့ ခြံထွက်နွားများနေရာမှာ အစားထိုးနိုင်ကာ ရေရှည်တည်တံ့ အလွယ်တကူရရှိနိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကိုက်ညီမယ့် ပရိုတိန်းရင်းမြစ်ဖြစ်လာရန် အဓိကခြေလှမ်းဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

အမဲသားဆန်ဆိုတာက တိရိစ္ဆာန်ကြွက်သားနဲ့ အဆီဆဲလ်တွေ မွေးမြူထုတ်လုပ်ဖို့အတွက် ဆန်စေ့အမှုန်တွေအပေါ် အခြေခံတာဖြစ်တယ်လို့ ယွန်ဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျင်ကီဟောင်က ပြောပြပါတယ်။

 

သုတေသနပြုလုပ်ရာမှာ ဆန်စေ့တွေကို ဆဲလ်ကြီးထွားမှုအတွက် အကောင်းဆုံး အခြေအနေဖြစ်စေမယ့် အင်မ်ဇိုင်းများဖြင့် ရောစပ်ကာ ပန်းနုရောင်ဆန်စေ့များနဲ့ ဆင်တူတဲ့ နောက်ဆုံးမျိုးစပ်ပစ္စည်း ဖြစ်လာစေရန် ဖန်တီးပြုစုထားတဲ့ နွားဆဲလ်တွေ ထည့်သွင်းလိုက်ပါတယ်။

 

ဓာတ်ခွဲခန်းထုတ် အသားထုတ်ကုန်တွေ ဖန်တီးနေတာဟာ ဒီတက္ကသိုလ် တစ်ခုတည်းမဟုတ်ဘဲ အခြားကုမ္ပဏီတွေလည်း ရှိနေပါတယ်။

 

စားသောက်ကုန်အဖြစ် ထုတ်လုပ်နိုင်ရင် သမားရိုးကျ မွေးမြူရေးလုပ်ငန်း အလုပ်မဖြစ်တဲ့နေရာတွေမှာ ပရိုတိန်းရင်းမြစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ပရော်ဖက်ဆာက ဆိုပါတယ်။

 

အမဲသားဆန်ဟာ သာမန်ဆန်တွေထက် ပရိုတိန်း ၈ ရာခိုင်နှုန်းနဲ့ အဆီဓာတ် ၇ ရာခိုင်နှုန်း ပိုမိုပါဝင်ကာ မရှိမဖြစ် အမိုင်နိုအက်ဆစ်များလည်း ကြွယ်ဝပါတယ်။

 

ဆန်တစ်ကီလိုဂရမ်ကို ၂ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်တာကြောင့် ဈေးဆိုင်တွေမှာ ယှဥ်ပြိုင်ရောင်းချနိုင်မယ့် ဆန်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

 

ဆိုးလ်မြို့ရှိ ကိုရီးယား အသားကင်ဆိုင်မှာ အမဲသားဆန်ကို နမူနာတင်သွင်းထားတဲ့ ခွန်ဒေါင်ကျူက ထိုစိတ်ကူးဟာ ဆန်းသစ်ရာကျတယ်လို့ ဆိုလိုက်ပါတယ်။

 

ဒါပေမဲ့ တကယ့်အမဲသားလိုမျိုး အနှစ်သာရ ရှိမယ်မထင်ဘူးလို့လည်း ဆိုပါတယ်။

 

#World_Science #ပရိုတိန်းရင်းမြစ် #အမဲသားဆန် #တောင်ကိုရီးယားသိပ္ပံပညာရှင်များတီထွင် #Source: Reuters