#World_News
Published 15 March 2024


သမ္မတဗလာဒီမာပူတင်ရဲ့ ရုရှားဟာ ယူကရိန်းတပ်တွေကို အနိုင်ရလာပါက ယူကရိန်းမှာတင် ရပ်တန့်သွားမှာမဟုတ်တဲ့ ပြိုင်ဘက်ရန်သူဖြစ်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က သတ်မှတ်လိုက်ပြီး ဥရောပတွေအနေနဲ့ ပျော့ညံ့မနေဘဲ တုန့်ပြန်နိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

 

အနာဂတ်မှာ ယူကရိန်းနိုင်ငံအတွင်း ပြင်သစ်တပ်များ နေရာချသွားဖို့အကြောင်းကို ထည့်မစဥ်းစားလို့မရဘူးလို့ မက်ခရွန်က ပြီးခဲ့တဲ့လမှာ အငြင်းပွားစရာ ပြောကြားခဲ့ရာ ခေါင်းဆောင်အများအပြားက ထောက်ခံခြင်းမရှိသလို အချို့ကတော့ ထောက်ခံကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

 

ရုရှားသာ စစ်ပွဲအနိုင်ရပါက ဥရောပအပေါ် လူအများယုံကြည်မှု ရှိတော့မှာမဟုတ်ကြောင်း မက်ခရွန်က ရုပ်သံအင်တာဗျူးတစ်ခုမှာ ပြောပြသွားပါတယ်။

 

မက်ခရွန်က အတိုက်အခံခေါင်းဆောင်များနဲ့ အပြင်းအထန် သဘောမတူညီကြောင်း၊ ယူကရိန်းကို ထောက်ပံ့ဖို့ ကန့်ကွက်မဲပေးတာမျိုးနဲ့ ကြားနေမဲပေးခြင်းတို့ဟာ ငြိမ်းချမ်းရေးရစေမှာ မဟုတ်ဘဲ ရှုံးနိမ့်ရာလမ်းစဥ်ပဲ ဖြစ်တယ်လို့ ပြောပြသွားပါတယ်။

 

မက်ခရွန်အစိုးရရဲ့ လက်ယာစွန်းရောက် အဓိကအတိုက်အခံပါတီ မရင်းလီပင်က ယူကရိန်းနဲ့ လက်မှတ်ရေးထိုးတဲ့ လုံခြုံရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး ပါလီမန်မှာ ကြားနေမဲ ပေးခဲ့တာဖြစ်ပြီး လက်ဝဲနိုင်ငံရေး အန်ဘိုးပါတီကတော့ ဆန့်ကျင်မဲ ပေးခဲ့ပါတယ်။

 

ဥရောပမှာ စစ်ဖြစ်ခဲ့ရင် ရုရှားကိုအပြစ်တင်ရမှာ ဖြစ်ပေမယ့် တုန့်ပြန်ခြင်းမရှိဘဲ ပျော့ညံ့နေဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ အရှုံးကိုရွေးချယ်ပြီးသား ဖြစ်ကြောင်း၊ ဒီလိုမျိုး အဖြစ်မခံနိုင်ကြောင်း ဆိုလိုက်ပါတယ်။

 

ရုရှားက ပြင်သစ်နိုင်ငံတွင်းနဲ့ ပြင်ပတို့မှာ ပြင်သစ်အကျိုးစီးပွားတွေကို လိုက်ပြီးတိုက်ခိုက်နေပေမယ့် ပြင်သစ်ကတော့ ရုရှားကို ဘယ်တော့မှ စတင်တိုက်ခိုက်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

 

နျူကလီးယား တိုက်ခိုက်မှုတွေနဲ့ ပူတင်ခြိမ်းခြောက်နေတာဟာ မသင့်လျော်ဘူးလို့ အပြစ်တင်လိုက်ပါတယ်။

 

ယူကရိန်းဟာ စစ်မြေပြင်မှာ အခြေအနေ ခက်ခဲနေပြီး မဟာမိတ်များထံမှ ထောက်ပံ့မှုများ ပိုမိုလိုအပ်နေပါတယ်။

 

ရုရှားသမ္မတနဲ့ တစ်နေ့နေ့မှာ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ်လို့ မက်ခရွန်က မျှော်လင့်နေပါတယ်။

 

#World_News #ယူကရိန်းကိုရုရှားအနိုင်ရ #ဥရောပအနေဖြင့်အသင့်ပြင်ထား #Source: Reuters