၁၀ မတ် ၂၀၂၄

အင်ဒိုနီးရှားနိုင်ငံ လိုင်းယွန်းအုပ်စုပိုင် ပါတိတ်လေကြောင်းလိုင်းဟာ သူတို့ရဲ့ လေယာဉ်မှူးနှစ်ဦးကို လေယာဉ်ပျံသန်းနေစဉ် အတွင်း လေယာဉ်မှူးဦးခန်းထဲမှာ အိပ်မောကျနေကြလို့ ရာထူးမှ ယာယီရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီလေယာဉ်မှူးနှစ်ဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းက ပြည်တွင်းလေယာဉ်ခရီးစဉ်တစ်ခုပျံသန်းနေစဉ် နှစ်ဦးစလုံးအိပ်ပျော်နေခဲ့ကြတာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ရက်က ဂျာကာတာမြို့တော်မှ ဆူလာဝေဆီပြည်နယ် ကန်ဒါရီမြို့ကို ပျံသန်းတဲ့ ခရီးစဉ်အမှတ် ၆၇၂၃ ဟာ ခရီးသည် ၁၅၃ ဦးကိုတင်ဆောင်ပျံသန်းခဲ့ပါတယ်။ထိုသို့ပျံသန်းနေစဉ် လေကြောင်းထိန်းနှင့် အခြားလေယာဉ်တစ်စီးက သူတို့ကို ဆက်သွယ်ခဲ့တာကို လေယာဉ်မှူးရော တွဲဖက်လေယာဉ်မှူးပါ ပြန်လည်တုန့်ပြန်ခြင်းမရှိခဲ့ကြပါဘူးလို့ အမျိုးသား လေကြောင်းအန္တရာယ်ကင်းရှင်းရေးကော်မရှင်ကပြောပါတယ်။ သူတို့ဟာ အဲဒီလေယာဉ်ပျံ အဲယားဘတ်စ် A320ဟာ သတ်မှတ် ထားတဲ့ လမ်းကြောင်းကနေသွေဖယ်ပြီး ဂျာကာတာကိုဖြတ်သန်းကာ အိန္ဒိယသမုဒ္ဒရာထဲ လေယာဉ်ဦးတည်နေတာ တွေ့ရလို့ ကြိုးစားဆက်သွယ်ခဲ့ကြတာဖြစ်ပါတယ်။

တွဲဖက်လေယာဉ်မှူးထံမှ နောက်ဆုံးအဆက်အသွယ်ရပြီး ၂၈မိနစ်ကြာတဲ့အခါမှ လေယာဉ်မှူးဟာ အိပ်ပျော်ရာကနိုးလာခဲ့ပြီး လေယာဉ်ဟာ လမ်းကြောင်းမှန်အတိုင်းမရှိဘဲပျံသန်းနေတာကို သတိမူမိလိုက်ပါတယ်။ ကြည့်လိုက်တော့ သူ့တွဲဖက်    လေယာဉ်မှူးလည်း အိပ်ပျော်နေလို့ သူကနှိုးလိုက်ရပါတယ်လို့ ကနဦးစစ်ဆေးချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။

လေယာဉ်အမှူထမ်းတွေအတွက် လုံလောက်တဲ့ အနားယူမှုမူဝါဒနှင့်အတူ လုပ်ငန်းလုပ်ဆောင်နေတာဖြစ်ပါတယ်လို့ ပါတိတ် လေကြောင်းလိုင်းရဲ့ စနေနေ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း ပါတိတ်လေကြောင်းလိုင်းရဲ့ ပင်မကုမ္ပဏီ လိုင်းယွန်း Lion လေကြောင်းလိုင်းရဲ့ ဘေးကင်းစိတ်ချရမှု   မှတ်တမ်း တွေဟာ ပြောစရာတွေဖြစ်ခဲ့ရပါတယ်။လေယာဉ်တွေဟာ ပြုပြင်လို့မရအောင်ပျက်စီးနေတာတွေနှင့်ကြုံခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်က လိုင်းယွန်းရဲ့737 Max 8 လေယာဉ်ဟာ ဂျာကာတာလေဆိပ်ကပျံတက်ပြီးသိပ်မကြာ ပျက်ကျခဲ့လို့ လေယာဉ်ပေါ် ပါသူ ၁၈၉ဦးသေဆုံးခဲ့ရပါတယ်။ ၂၀၁၃ခုနှစ်တုန်းကလည်း ယင်းလေကြောင်းလိုင်းရဲ့ 737-800 လေယာဉ်ဟာ ဘာလီ နိုင်ငံတကာလေဆိပ်မှာ ဆင်းသက်စဉ် ပြေးလမ်းလွန်ပြီး ရေထဲကျသွားခဲ့ပါတယ်။ဒါပေမယ့် ထိခိုက်သေဆုံးသူတော့မရှိခဲ့ပါဘူး။

Source AFP

@ymg/knl