#World_News
Published 04 March 2024


ကိုရီးယားနိုင်ငံရဲ့ အချက်အလက်များအရ ယမန်နှစ်က အိမ်ထောင်ပြုခဲ့ကြတဲ့ စုံတွဲပေါင်း ၁၉၃၆၇၃ တွဲရှိခဲ့ပြီး ၂၀၁၃ ခုနှစ်က အိမ်ထောင်ပြုခဲ့တဲ့စုံတွဲ ၃၂၂၈၀၇ တွဲနဲ့ယှဥ်ရင် ၄၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။

 

ဒါပေမဲ့ ၂၀၂၂ နဲ့ယှဥ်ရင်တော့ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၂ မှာတော့ အိမ်ထောင်ပြုတဲ့စုံတွဲ ၁၉၁၆၉၀ ဖြင့် စံချိန်တင်အနည်းဆုံး ဖြစ်ခဲ့ကာ ၂၀၁၂ မှ ၂၀၂၂ အထိ ၁၁ နှစ်အတွင်း အိမ်ထောင်ပြုနှုန်း ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။



အိမ်ထောင်ပြုနှုန်း အချက်အလက်နဲ့အတူ ကိုရီးယားနိုင်ငံမှာ ကလေးမွေးဖွားနှုန်း အကြောင်းအရာကလည်း ကပ်ပါလာပါတယ်။

 

အမျိုးသမီးတစ်ဦး ဘဝသက်တမ်းတလျှောက်မှာ ရနိုင်တဲ့ ပျမ်းမျှကလေးအရေအတွက်က ယမန်နှစ်မှာ ၀.၇၂ ဦးနှုန်းဖြင့် စံချိန်တင်အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

 

ဆယ်စုနှစ်တစ်ခုအတွင်း အိမ်ထောင်ပြုနှုန်း ၄၀ ရာခိုင်နှုန်း ကျဆင်းသွားရတဲ့ အကြောင်းအရင်းတွေထဲမှာ လူမှုရေး စံသတ်မှတ်ချက်တွေ ပြောင်းလဲသွားတာကြောင့် ဖြစ်တယ်လို့ နောက်ထပ်ဖော်ပြချက်မှာ တွေ့ရပါတယ်။

 

၂၀၂၂ ခုနှစ်အတွင်း အသက် ၁၉ နှစ်မှ ၃၄ နှစ်ကြား ကိုရီးယားလူမျိုးတွေဟာ ၃ ယောက်မှာ ၁ ယောက်နှုန်းက အိမ်ထောင်ပြုခြင်းအပေါ် ကောင်းတဲ့အမြင် ဖော်ပြခဲ့ကြပြီး ၂၀၁၂ ခုနှစ်တုန်းကတော့ ၅၆.၅ ရာခိုင်နှုန်းက အကောင်းမြင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

အထူးသဖြင့် အသက် ၂၀ ဝန်းကျင်လူငယ်တွေမှာ အိမ်ထောင်မပြုချင်သူတွေ များပြားလာပါတယ်။

 

အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြား အိမ်ထောင်ပြုနှုန်းက ၂၀၁၂ မှာ ၅၉.၅ ရာခိုင်နှုန်းကနေ ၂၀၂၂ မှာ ၃၆.၁ ရာခိုင်နှုန်း ကျဆင်းလာပါတယ်။

 

အသက် ၃၀ မှ ၃၄ နှစ်ကြားမှာတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ၅၄.၃ ရာခိုင်နှုန်းရှိရာကနေ ၃၉.၂ ရာခိုင်နှုန်းသို့ ကျဆင်းလာပါတယ်။

 

ကိုရီးယားလူငယ်တွေကြား အိမ်ထောင်ပြုဖို့ရာ အကြီးမားဆုံး အခက်အခဲက ငွေရေးကြေးရေး ဖြစ်နေပါတယ်။

 

စစ်တမ်းဖြေဆိုသူတွေထဲက ရာခိုင်နှုန်းအများဆုံး ၃၃.၇ က ငွေကြေးကြောင့်လို့ ဖြေဆိုခဲ့ကြပါတယ်။

 

၁၇.၃ ရာခိုင်နှုန်းကတော့ အိမ်ထောင်ပြုဖို့ မရှိမဖြစ်လိုအပ်ချက်တွေ မပြည့်စုံတာကြောင့်လို့ ဖြေဆိုခဲ့ကြပြီး ၁၁ ရာခိုင်နှုန်းက ကလေးမွေးဖွား ထိန်းသိမ်းလိုခြင်းမရှိတာ၊ ၁၀.၂ ရာခိုင်နှုန်းက အလုပ်အကိုင် မတည်ငြိမ်တာတွေ ပါဝင်ပါတယ်။

 

ကလေးမွေးဖွားမှုနှုန်းက ယမန်နှစ်က ၂၃၀၀၀၀ ခန့်သာရှိခဲ့ကာ ထိုမတိုင်ခင်နှစ်ကထက် ၇.၇ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ကထက် ၄၇.၃ ရာခိုင်နှုန်း ကျဆင်းလာတာ ဖြစ်ပါတယ်။

 

ယမန်နှစ်က ကလေးမွေးဖွားမှုနှုန်း ၀.၇၂ ဦးနှုန်းသို့ ကျဆင်းခဲ့ရာ ၆ နှစ်ဆက်တိုက် ၁ ဦးနှုန်းအောက် ရောက်နေခဲ့ပါတယ်။

 

လူဦးရေထိန်းသိမ်းရာမှာ လိုအပ်တယ်လို့ သတ်မှတ်ယူဆထားတဲ့ ၂.၁ ဦးနှုန်းအောက် သိသိသာသာ လျော့နည်းနေတာလည်း ဖြစ်ပါတယ်။

 

၂၀၂၃ နောက်ဆုံး ၃ လအတွင်း ၀.၆၅ ဦးနှုန်းသို့ ကျဆင်းခဲ့ကာ ယခုနှစ်မှာ ၀.၆၈ ဦးနှုန်းရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

#World_News #အိမ်ထောင်ပြုသူ #(၄၀)ရာခိုင်နှုန်းအထိကျဆင်းလာ #Source: The Nation