Published 21 February 2024

ရင်သားကင်ဆာ ရှိမရှိကို လျင်မြန်သက်သာတိကျစွာ စစ်ဆေးနိုင်ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖွယ်ရှိတဲ့ လက်တစ်ဖဝါးစာ အာရုံခံကိရိယာကို အမေရိကန်နဲ့ ထိုင်ဝမ်တို့မှ အဖွဲ့တစ်ဖွဲ့က ဖန်တီးလိုက်ပါတယ်။

လူနာရဲ့ တံတွေးနမူနာမှ ဇီဝအမှတ်အသားများကို ကြည့်ရှုကာ ရင်သားကင်ဆာကို စစ်ဆေးတဲ့ ကိရိယာဖြင့် စမ်းသပ်မှုများ ပြုလုပ်ရာမှာ အောင်မြင်မှုများ ရရှိထားတယ်လို့ သုတေသနအဖွဲ့က ဖော်ပြထားပါတယ်။

ရင်သားကင်ဆာက တစ်ကမ္ဘာလုံးမှာ အဖြစ်အများဆုံး ကင်ဆာတစ်မျိုးဖြစ်ပြီး တစ်နှစ်ကို ရောဂါဖြစ်ပွားသူ ၂.၃ သန်းနဲ့ သေဆုံးသူ ၆ သိန်းခွဲကျော်ရှိနေပါတယ်။

အနာဂတ်မှာ ရင်သားကင်ဆာ ဖြစ်ပွားမှု ပိုမိုမြင့်မားလာနိုင်ကာ ၂၀၄၀ လောက်မှာ လူ ၁ သန်းခန့် အသက်ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စက်ပစ္စည်းက လက်တစ်ဖဝါး အရွယ်မျှသာရှိကာ ကိုင်ဆောင်သွားနိုင်ပြီး ပြန်လည်အသုံးပြုနိုင်ကြောင်း၊ စမ်းသပ်ချိန်က ၅ စက္ကန့်တောင် မကြာတာကြောင့် အလွန်ထိရောက်မှုရှိကြောင်း သုတေသနပြုစုသူတစ်ဦးက ဆိုပါတယ်။

ရင်သားကင်ဆာ စစ်ဆေးလို့ရတဲ့ ယခင်နည်းလမ်းတွေက အကုန်အကျများကာ စက်ပစ္စည်းကြီးတွေ လိုအပ်သလို ဓာတ်ရောင်ခြည်လည်း ထိတွေ့ရပြီး အဖြေသိဖို့ ရက်နဲ့ချီ ကြာမြင့်ပါတယ်။

ယခင်က ရင်သားကင်ဆာ စစ်ဆေးလို့မရနိုင်တဲ့ နေရာတွေမှာပါ ရရှိနိုင်မှာ ဖြစ်တဲ့အတွက် အလွန်စိတ်လှုပ်ရှားမိကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ အာရုံခံကိရိယာဟာ တံတွေးတစ်စက်သာ လိုအပ်ပြီး ကင်ဆာဇီဝ အမှတ်အသား အလွန်နည်းပါးစွာ ပါဝင်လျှင်ပင် တိကျစွာ အဖြေထုတ်ပေးနိုင်ပါတယ်။

ကင်ဆာရှိမရှိ ကွဲကွဲပြားပြားသိနိုင်ပြီး ဒီလိုရရှိနိုင်ရန် ကြိုးပမ်းအားထုတ်မှုတွေနဲ့ အချိန်များစွာ ပေးဆပ်ခဲ့ရကြောင်း ပြောပြသွားပါတယ်။
Source: The Jerusalem Post
#World_Health
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group