Published 20 February 2024

အစ္စရေးလ်နဲ့ ဟားမတ်စ်စစ်ပွဲ ချက်ချင်းအပစ်အခတ် ရပ်စဲရေးအတွက် တောင်းဆိုမယ့် အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ ဖြေရှင်းဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ မဲပေးဆုံးဖြတ်မှုမပြုမီမှာပဲ အမေရိကန်က ဂါဇာအရေးနဲ့ ပတ်သက်ပြီး ယင်းကိုယ်ပိုင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖြေရှင်းဆုံးဖြတ်ချက်မူကြမ်းကို ၁၉ ရက်နေ့က အဆိုတင်ပြလိုက်ပါတယ်။

အဆိုတင်သွင်းချက်အရ ယာယီအပစ်အခတ် ရပ်စဲရန်နဲ့ အစ္စ​ရေးလ်အ​နေနဲ့ ဂါဇာ​တောင်ဘက်စွန်း ရာဖာမြို့ကို တိုက်ခိုက်မယ့် အစီအစဥ်အတိုင်း မပြုရန် ​တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ်တို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စကားပြောဆိုခဲ့ရာမှာ အပစ်အခတ်ရပ်စဲရေး စကားပါဝင်ခဲ့ပါတယ်။

အယ်လ်ဂျီးရီးယားက လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက အဆိုတင်သွင်းခဲ့ပေမယ့် အမေရိကန်က ဗီတိုအာဏာသုံးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ထိုအဆိုပြုချက်က ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေမှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ အမေရိကန်က ယူဆတာဖြစ်ပါတယ်။

ဖြေရှင်းဆုံးဖြတ်ချက်တစ်ရပ် အတည်ပြုဖို့အတွက်ဆိုရင် အနည်းဆုံးထောက်ခံမဲ ၉ မဲရရှိရမှာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကနေ ဗီတိုအာဏာမသုံးဖို့ လိုအပ်ပါတယ်။

လူသားချင်း စာနာထောက်ထားမှု ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ရည်မှန်းတဲ့ တင်သွင်းချက် ၂ ခုကိုလည်း အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချထားပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန်နဲ့ ဟားမတ်စ်တို့မှ ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်ပေးရေးတို့ သေချာပေါက်ရရှိရန်အတွက် အမေရိကန်မှ သံတမန်တွေဟာ အစ္စရေးလ်၊ ကာတာ၊ အီဂျစ်တို့မှ သံတမန်များနဲ့ အလေးအနက် ဆွေးနွေးနေကြပါတယ်။

မွတ်ဆလင်ဥပုသ်စတင်တဲ့နေ့မှာ ဓားစာခံတွေကို မလွှတ်ဘူးဆိုရင် မတ်လ ၁၀ ရက်နေ့မှာ ရာဖာမြို့ကို မြေပြင်တိုက်ခိုက်မှု ပြုလုပ်သွားမယ်လို့ အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို ရာဇသံပေးထားပါတယ်။

အစ္စရေးလ်ဘက်မှ စစ်ပွဲဆိုင်ရာ ဝန်ကြီးများအဖွဲ့ဝင် ဘင်နီဂန့်ဇ်က ‘’မွတ်ဆလင်ဥပုသ်စတင်တဲ့နေ့မှာ ဓားစာခံတွေ ပြန်မလွှတ်သေးဘူးဆိုရင် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေမယ် ဆိုတာကို တစ်ကမ္ဘာလုံးရော ဟားမတ်စ်ခေါင်းဆောင်တွေရာ သိထားရပါမယ်’’ လို့ ပြောကြားသွားပါတယ်။

တိုက်ခိုက်မှုဆောင်ရွက်ရာမှာ ပူးပေါင်းစွာဖြင့် အရပ်သားများ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြုလုပ်သွားမယ်လို့လည်း ဂန့်ဇ်က ပြောကြားလိုက်ပါတယ်။
Source: WION
#World_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group