Published 15 February 2024

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဒေါ်နယ်ထရမ့်ထက်စာရင် ခန့်မှန်းရပိုလွယ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ကာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဘယ်သူပဲအနိုင်ရသည်ဖြစ်စေ ရုရှားဘက်က ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ဆိုလိုက်ပါတယ်။

ဒီမိုကရက်တစ် ဘိုင်ဒင်နဲ့ ရီပတ်ဘလစ်ကန် ထရမ့်တို့ကြား ဘယ်သူ့ကိုအနိုင်ရစေချင်လဲလို့ သတင်းထောက်က မေးမြန်းရာမှာ ပူတင်က ဘိုင်ဒင်ကို အနိုင်ရစေချင်ကြောင်း၊ သူက အတွေ့အကြုံပိုရှိပြီး ခန့်မှန်းရလွယ်ကူကာ ရှေးရိုးစွဲနိုင်ငံရေးသမားဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး အသက် ၈၂ နှစ်ဖြစ်တော့မယ့် ဘိုင်ဒင်ရဲ့အသက်နဲ့ ကျန်းမာရေးအခြေအနေအကြောင်း မေးမြန်းရာမှာ ပူတင်က ‘’လူတွေက ဘိုင်ဒင်ရဲ့ အသက်အရွယ်အကြောင်း ပြောနေကြပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်က တွေ့ဆုံခဲ့စဥ်က ဘာမှထူးခြားတာ မတွေ့ခဲ့ရဘူး’’ လို့ ဖြေဆိုသွားပါတယ်။

အမေရိကန် မဲစစ်တမ်းကောက်ယူချက်တွေမှာ မဲဆန္ဒပေးသူတွေက ဘိုင်ဒင်ရဲ့ အသက်အရွယ်အပေါ် စိုးရိမ်နေကြပါတယ်။

ဘိုင်ဒင်က ဥရောပခေါင်းဆောင်တွေရဲ့ နာမည်တွေကို ရှေ့ကခေါင်းဆောင်တွေနဲ့ မှားယွင်းရောထွေးပြီး ပြောမိခဲ့တာကြောင့် အသက်အရွယ်ပြဿနာ ပိုဆိုးလာခဲ့ပါတယ်။

အထူးဝတ်လုံတော်ရရှေ့နေမှ ဘိုင်ဒင်ကို မှတ်ဉာဏ်မကောင်းတော့တဲ့ သက်ကြီးရွယ်အို တစ်ယောက်လို့ သတ်မှတ်ခေါ်ဆိုခဲ့ရာ အိမ်ဖြူတော်မှ ကာကွယ်တုန့်ပြန်ပေးခဲ့ပါတယ်။

ဘိုင်ဒင်ကိုယ်တိုင်ကလည်း စွပ်စွဲချက်တွေကို ဒေါသတကြီး တုန့်ပြန်ခဲ့ပေမယ့် အီဂျစ်နဲ့ မက္ကဆီကိုသမ္မတတို့ရဲ့ အမည်တွေကို ရောထွေးပြောဆိုမိတာကြောင့် ပိုဆိုးသွားခဲ့ပါတယ်။

အသက် ၇၇ နှစ်ရှိ ဒေါ်နယ်ထရမ့်ဟာလည်း လူတွေရဲ့နာမည်တွေကို ရောထွေးပြောဆိုခဲ့ပြီး သူနဲ့နောက်ဆုံးပြိုင်ဘက်ဖြစ်နေတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း နစ်ကီဟာလေနဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပယ်လိုစီတို့ရဲ့ နာမည်တွေကို ရောထွေးခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပူတင်က ဘိုင်ဒင်လက်ထက် အမေရိကန် နိုင်ငံခြားရေးမူဝါဒများကို အပြင်းအထန် ကန့်ကွက်ထားပါတယ်။

ဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ ရုရှားနဲ့ ၂ နှစ်ကြာစစ်ဖြစ်နေတဲ့ ယူကရိန်းတို့အတွက် ထောက်ပံ့ကူညီနေခဲ့ပါတယ်။

ဘိုင်ဒင်က ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး ထရမ့်ကတော့ ပူတင်ကို လေးစားမှုရှိကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ပူတင်ကတော့ ဘိုင်ဒင်ကိုသာ အနိုင်ရစေချင်နေတာ ဖြစ်ပါတယ်။
Source: NDTV
#World_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group