Published 12 February 2024 
 
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ဆီးအိမ်အရေးပေါ် အခြေအနေကြောင့် ဝေါလ်တာရိဒ် နိုင်ငံတော်စစ်ဘက်ဆိုင်ရာ ဆေးရုံမှာ ထပ်မံဆေးရုံတက် ကုသမှုခံယူနေရကြောင်း ပင်တဂွန်က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 
 
ယခင်က ဆေးရုံတက်ရတာတွေကို လျှို့ဝှက်ထိန်းသိမ်းထားခဲ့ပေမယ့် ယခုအကြိမ်မှာတော့ လက်ထောက် ကာကွယ်ရေးဝန်ကြီး ကက်သလင်းဟစ်ခ်၊ ပူးတွဲစစ်ဦးစီးချုပ်၊ အိမ်ဖြူတော်၊ ကွန်ဂရက်လွှတ်တော်တို့ကို အော်စတင်ရဲ့ ကျန်းမာရေးပြဿနာနဲ့ ပတ်သက်ပြီး အသိပေးထားပြီး ဖြစ်ပါတယ်။ 
 
အခုအချိန်မှာ ဝန်ကြီးက သူ့ရုံးရဲ့ တာဝန်ဝတ္တရားတွေကို ထိန်းသိမ်းထားပြီး လိုအပ်တဲ့ ဆက်သွယ်ရေးစနစ်တွေကို အမျိုးအစား ခွဲခြားတာတွေ၊ လျှို့ဝှက်မထားတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 
 
ပင်တဂွန်စာနယ်ဇင်းဝန်ကြီး ဗိုလ်ချုပ်ကြီးပတ်ရိုင်ဒါက အော်စတင်ရဲ့ ကျန်းမာရေးအကြောင်း နောက်ဆုံးအခြေအနေများနဲ့ ပတ်သက်ပြီး အများပြည်သူသိရှိစေရန် အမြန်ဆုံးဖော်ပြသွားမယ်လို့ ဆိုလိုက်ပါတယ်။ 
 
နာရီပိုင်းအကြာမှာတော့ ကုသမှုခံယူနေဆဲဖြစ်တဲ့ အော်စတင်ရဲ့ တာဝန်လုပ်ငန်းများကို လက်ထောက် ကာကွယ်ရေးဝန်ကြီးဟစ်ခ်က ဆောင်ရွက်နေရတယ်လို့ ရိုင်ဒါက ဖော်ပြထားပါတယ်။ 
 
အော်စတင်ဟာ ဆီးကျိတ်ကင်ဆာကုသမှု နောက်ဆက်တွဲ အခြေအနေများကြောင့် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ အစောပိုင်းတို့မှာ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပါတယ်။ 
 
အသက် ၇၀ ရှိပြီဖြစ်တဲ့ အော်စတင်ဟာ ကျန်းမာရေးစစ်ဆေးစဥ် ဆီးကျိတ်ကင်ဆာကို စောစီးစွာ သိရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အသေးစားခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ 
 
ဒါပေမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဇန်နဝါရီ ၁ ရက်နေ့မှာ အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ခဲ့ရပါတယ်။ 
 
ဒီအကြောင်းတွေကို ပင်တဂွန်က အစိုးရထိပ်သီးအရာရှိတွေထံ ချက်ချင်းအကြောင်းမကြားခဲ့ဘဲ ၄ ရက်လောက်နေမှ ပြောကြားခဲ့ပါတယ်။ 
 
ထိုကာလတွေမှာ အော်စတင်က လုပ်ငန်းတာဝန်များထံမှ ရပ်ဆိုင်းထားရပြီး လုပ်ပိုင်ခွင့်အချို့ကို လက်ထောက် ကာကွယ်ရေးဝန်ကြီး ကက်သလင်းဟစ်ခ်ထံ လွှဲပြောင်းခဲ့ပါတယ်။ 
 
ဆေးရုံတက်ရတဲ့အကြောင်းကို အကြောင်းမကြားမိတာဟာ မှန်ကန်မှုမရှိကြောင်း၊ ကင်ဆာတွေ့ရှိတာကို သမ္မတထံ အကြောင်းကြားခဲ့သင့်ကြောင်း၊ ဒီအတွက် အပြည့်အဝ တာဝန်ယူကြောင်း အော်စတင်က တောင်းပန်ပြောကြားသွားပါတယ်။ 
Source: WION
#World_News
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group