#World_Health
Published 05 February 2024


အယ်လ်ဇိုင်းမားရောဂါ လူသားချင်းကူးစက်မှုက ဗြိတိန်မှ လူနာငါးဦးမှာ တွေ့ရှိခဲ့တယ်လို့ လေ့လာယူဆထားပေမယ့် ဒါဟာ ဆေးဘက်ဆိုင်ရာ ရှားပါးဖြစ်ရပ်တစ်ခုကြောင့်ဖြစ်ပြီး နေ့စဥ်လှုပ်ရှားမှုတွေကနေ မကူးစက်တတ်ဘူးလို့ သုတေသီများ ဖော်ပြလိုက်ပါတယ်။

 

ဒီဖြစ်စဥ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကလေးအရွယ်ဖြစ်ခဲ့စဥ် ဆေးထိုးရင်းကူးစက်ခဲ့တာ ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။

 

လေ့လာချက်အရ အယ်လ်ဇိုင်းမားရောဂါကို စောစီးစွာ ခံစားနေရတဲ့ အလှူရှင်ထံကနေ ဦးနှောက်အောက်ခြေ ပစ်ကျူထရီဂလင်းမှ ကြီးထွားဟော်မုန်းများကို လူနာ ၅ ဦးစလုံး လက်ခံထိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

 

အယ်လ်ဇိုင်းမားရောဂါရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ အမိုင်လွိုက်ဘီတာပရိုတိန်းတွေ ကူးစက်တာကို ထိုအချိန်က သိပ္ပံပညာရှင်များ မသိရှိခဲ့ဟန်တူပါတယ်။

 

အယ်လ်ဇိုင်းမားရောဂါက ဗိုင်းရပ်စ်တို့ ဘက်တီးရီးယားတို့လိုမျိုး ကူးစက်တတ်တာ မဟုတ်ဘူးလို့ လန်ဒန်ကောလိပ်တက္ကသိုလ်မှ ဆေးသုတေသန ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ ဂျွန်ကောလင့်ဂျ်က ပြောပြပါတယ်။

 

ထိုကဲ့သို့ ကုသမှုမျိုးကို ၁၉၈၅ ခုနှစ်မှာ တားမြစ်ထားခဲ့ပါတယ်။

 

အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားပုံက ၂ မျိုးရှိနေပြီး ပထမတစ်မျိုးက မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲခြင်းနဲ့ ဒုတိယတစ်မျိုးက အသက် ၆၅ နှစ်ကျော်တဲ့အခါ ပြဿနာအမျိုးမျိုးကြောင့် ဖြစ်ပွားရပါတယ်။

 

အယ်လ်ဇိုင်းမားရောဂါ ဒီလိုပုံစံနဲ့ကူးစက်တာဟာ အလွန်ဖြစ်နိုင်ခြေနည်းပြီး အလွန်ရှားပါးကာ ထိုကုသနည်းတွေကလည်း အသုံးမပြုကြတော့ဘူးလို့ သုတေသနပြုစုသူတွေ ဖော်ပြခဲ့ပါတယ်။

 

#World_Health #အယ်လ်ဇိုင်းမားရောဂါကူးစက်မှု #ရှားရှားပါးပါးဖြစ်ပွား #Source: WION