#World_Military
Published 02 February 2024


ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလွှတ်ပေးရေးအတွက် အဆိုပြုချက်တစ်ရပ်ကို ပါလက်စ်တိုင်း စစ်သွေးကြွ ဟားမတ်စ်အဖွဲ့က ကနဦးအပြုသဘောဆောင်တဲ့ အတည်ပြုချက် ဖော်ပြလိုက်ကြောင်း ကာတာနိုင်ငံက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပြီး အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ရဲ့စစ်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆုံးတိုးတက်မှု အခြေအနေ မြင်တွေ့လာရပါတယ်။

 

ပဲရစ်မှာကျင်းပတဲ့ အစည်းအဝေးပွဲက ငြိမ်းချမ်းရေး အဆိုပြုချက်များကို ခိုင်မာစေဖို့ အထောက်အကူပြုတယ်လို့ တနင်္ဂနွေနေ့က ကာတာ၊ အမေရိကန်၊ အစ္စရေးလ်၊ အီဂျစ်အရာရှိများ ပါဝင်ဆွေးနွေးတဲ့ပွဲမှာ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာဂျစ်အယ်အန်ဆာရီက ပြောကြားလိုက်ပါတယ်။

 

ထိုအဆိုပြုချက်ကို အစ္စရေးလ်ဘက်က အသိအမှတ်ပြုထားပြီးဖြစ်ပြီး အခုဆိုရင် ဟားမတ်စ်ဘက်မှလည်း ကနဦးအပြုသဘောဆောင်တဲ့ အတည်ပြုချက်များ ရရှိထားပါပြီလို့ ဆိုပါတယ်။

 

လာမယ့်ရက်သတ္တပတ်များအတွင်း အတိုက်အခိုက်ရပ်စဲဖွယ်ရှိတဲ့ မျှော်လင့်ချက်တွေ ရှိလာတယ်လို့ ဆိုလိုက်ပါတယ်။


ဒါပေမဲ့ အဆိုပြုချက်အစီအစဥ်နဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် မရသေးဘူးလို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။



ဒီအတွက် သဘောတူညီချက် မရသေးသလို အရေးကြီးတာကို လေ့လာစောင့်ကြည့်ရဦးမှာဖြစ်ပြီး ကာတာဘက်က အလျင်စလို ထုတ်ပြန်လိုက်တာဖြစ်ကာ မှန်ကန်ခြင်းမရှိပါဘူးလို့ ဟားမတ်စ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ဖော်ပြချက်ကို AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 

ရှေ့ဆက်ရမယ့် ခရီးက အလွန်ကြမ်းတမ်းနေဆဲ ဖြစ်တယ်လို့ ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။

 

နှစ်ဖက်စလုံးကနေ အတိုက်အခိုက် ရပ်စဲရေးဆီ ဦးတည်နေတဲ့ အခြေအနေကို သဘောတူထားပြီလို့ အပြုသဘောဆောင် မြင်နေရပါတယ်လို့ ဆိုပါတယ်။

 

အမေရိကန်၊ အီဂျစ်၊ ကာတာတို့မှ ဖျန်ဖြေညှိနှိုင်းရေး ကိုယ်စားလှယ်များက ပဲရစ်မှာ အစ္စရေးလ်ထောက်လှမ်းရေး အရာရှိများနဲ့ တွေ့ဆုံကာ ဟားမတ်စ်တို့ ပြန်လည်သုံးသပ်ဖို့အတွက် ၆ ပတ်ကြာရပ်စဲရေးနဲ့ ဓားစာခံ အကျဥ်းသား လဲလှယ်ရေးတို့ကို အဆိုပြုတင်ပြခဲ့ကြပါတယ်။

 

ကာတာဟာ စေ့စပ်ညှိနှိုင်းရေးမှာ အဓိကကဏ္ဍမှ ပါဝင်နေပြီး နိုဝင်ဘာလက ဓားစာခံလွှတ်ပေးရေးမှာလည်း ကြားခံညှိနှိုင်းပေးခဲ့ပါတယ်။

 

ပဲရစ်မှာပြုလုပ်တဲ့ ညှိနှိုင်းမှုက အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေနဲ့ ပဋိပက္ခပြေလည်ရေးတို့အတွက် အလွန်အရေးပါတဲ့ ခြေလှမ်းအဖြစ် ရှုမြင်နိုင်ပါတယ်။

 

#World_Military #ငြိမ်းချမ်းရေးအစီအစဥ် #ကြားဝင်ညှိနှိုင်းသည့်ကာတာပြော #Source: WION