#World_Health
Published 02 February 2024 


အိပ်နေစဥ် အချိန်ခဏတာ အသက်ရှူရပ်ခြင်းမျိုး အကြိမ်များစွာ ခံစားရခြင်းလက္ခဏာ (OSA)ဟာ အလွန်အန္တရာယ်များပါတယ်။ 

 

ဒီလက္ခဏာကြောင့် နေ့ဘက်မှာ အိပ်ငိုက်ခြင်း ခံစားရတတ်တဲ့အပြင် နှလုံးသွေးကြောရောဂါ၊ နှလုံးရောဂါ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ပါ ဖြစ်နိုင်ခြေ များပါတယ်။ 

 

အိပ်ပျော်နေစဥ် အသက်ရှူရပ်ခြင်းကြောင့် နှလုံးခုန်မမှန်ခြင်းလည်း ဖြစ်နိုင်ခြေများပါတယ်။ 

 

ကားမောင်းနေစဥ် အိပ်မငိုက်အောင် နည်းလမ်းတွေ အသုံးပြုတတ်ကြပြီး OSA ကြောင့် အလွန်အကျွံငိုက်မျဥ်းကြတာ ဖြစ်ပါတယ်။ 

 

ထိုလက္ခဏာခံစားရသူတွေဟာ ကျယ်လောင်စွာ ဟောက်တတ်သလို ကြိမ်ဖန်များစွာ နိုးလာတတ်ပါတယ်။ 

 

လူ ၅ ယောက်မှာ ၁ ယောက်နှုန်းက ထိုလက္ခဏာ ခံစားကြရပေမယ့် အများစုက ဖြစ်မှန်းမသိကြပါဘူး။ 

 

လမ်းပေါ်မှာ ယာဥ်တိုက်မှုဖြစ်စဥ် ၅ ကြိမ်ဖြစ်ရင် တစ်ကြိမ်က ငိုက်မျဥ်းနွမ်းနယ်မှုကြောင့် ဖြစ်ကြောင်း အသက်ရှူလမ်းကြောင်း အကြံပေး ဒေါက်တာအက်ရှေးဒွာရာကန်နက်က ဆိုပါတယ်။ 

 

OSA လက္ခဏာဖြစ်တဲ့ လူ ၁၁၉ ဦးနဲ့ လက္ခဏာမရှိတဲ့ လူ ၁၀၅ ဦးတို့ကို နှိုင်းယှဥ်လေ့လာခဲ့ပြီး အိပ်ငိုက်တတ်တဲ့ အကျင့်တွေ၊ ယာဥ်မောင်းနှင်ရာမှာ နိုးကြားနေအောင် ကျင့်ကြံပုံတွေကို မေးမြန်းခဲ့ပါတယ်။ 

 

OSA လက္ခဏာရှိသူတွေက အိပ်မငိုက်စေရန် နည်းလမ်းများ ပိုပြီးအသုံးပြုရတာကို တွေ့ရှိခဲ့ကြပါတယ်။ 

 

သူတို့တွေ အသုံးပြုတဲ့ နည်းလမ်းတွေထဲမှာ ကားပြတင်းပေါက်ဖွင့်ခြင်း၊ ကော်ဖီသောက်ခြင်း၊ ရေဒီယိုဖွင့်ခြင်း၊ သီချင်းဆိုခြင်း၊ ထိုင်ပုံပြောင်းခြင်း၊ ပီကေဝါးခြင်း၊ လမ်းဆင်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရေးအိပ်ခြင်း၊ ရေအေးဖြင့် မျက်နှာသစ်ခြင်းတို့ ပြုလုပ်တတ်ကြပါတယ်။ 

 

ယာဥ်မောင်းနှင်ရန် အန္တရာယ်အလွန်များတယ်ဆိုရင်တော့ မမောင်းနှင်စေဖို့ ဆရာဝန်တွေက တိုက်တွန်းကြပါတယ်။ 



OSA လက္ခဏာက လူတွေမှာ အဖြစ်များပြီး နေထိုင်မှုဘဝကို ထိခိုက်နိုင်ကာ နှလုံးသွေးကြောရောဂါများ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ဇူးရစ်တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ အက်စ်သာရှဝါ့ဇ်က ပြောပြပါတယ်။ 

 

ထိုလက္ခဏာကြောင့် မလန်းဆန်းခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ 


အခုအချိန်မှာတော့ ထိုရောဂါလက္ခဏာကို သိရှိလာကြပြီဖြစ်သလို အခြေအနေအပေါ် မူတည်ပြီး ကုသနည်းအမျိုးမျိုး ရှိလာပြီဖြစ်ပါတယ်။ 

 

#World_Health #အိပ်ပျော်နေစဥ်အသက်ရှူရပ်ခြင်း #အသက်အန္တရာယ်ဖြစ်စေ #Source: The Jerusalem Post