၁၉ ဇန်နဝါရီ ၂၀၂၄

အစ္စလမ်မာဘတ် (AFP) - ယခုသီတင်းပတ်အတွင်း အီရန်ရှိ စစ်သွေးကြွပစ်မှတ်များကို လေကြောင်းမှလက်တုန့်ပြန်၍ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ပါကစ္စတန် ၀န်ကြီးချုပ်သည် သောကြာနေ့တွင် အရေးပေါ် လုံခြုံရေး အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။

နှစ်နိုင်ငံကြားမျှဝေထားသည့် အလွယ်တကူဖြတ်သန်းနိုင်သော Baluchistan နယ်စပ်ရှိ ရှားရှားပါးပါး စစ်ရေး လှုပ်ရှား မှုများသည် အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် ပေါ်ပေါက်နေသည့်ဒေသတွင်း တင်းမာမှုများအပေါ် ပို၍ဆွပေးသလိုဖြစ်စေ ခဲ့သည်၊။

အင်္ဂါနေ့ညက ပါကစ္စတန်ရှိ အကြမ်းဖက်သမားပစ်မှတ်များဆိုသည့်နေရာတွေကို အီရန်က ဒုံးကျည်နှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်အားဖြင့် ပါကစ္စတန်က အီရန်နိုင်ငံအတွင်း စစ်သွေးကြွပစ်မှတ်တွေကို ကြာသပတေးနေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပါကစ္စတန်သည် တီဟီရန်မှ ယင်း၏သံအမတ်ကို ပြန်ခေါ်ခဲ့ပြီး အီရန်မှ အစ္စလမ်မာဘတ်သို့ပြန်လာမည့် သံအမတ်၏ အိမ်ပြန် ခရီးကို အီရန်က ပိတ်ဆို့ထားသည်ဟု သံအမတ်ကပြောသည်။

ကုလသမဂ္ဂနှင့် အမေရိကန်တို့က ချုပ်ထိန်းကြရန် မေတ္တာရပ်ခံခဲ့ကြပြီး တရုတ်ကလည်း ကြားဝင် ဖျန်ဖြေရန် ကမ်းလှမ်း ခဲ့သည်။

“ဝန်ကြီးချုပ်က ဒီနေ့မှာ အမျိုးသားလုံခြုံရေးကော်မတီအစည်းအဝေးကို ကျင်ပဖို့ဆင့်ခေါ်ထားပါတယ်” ဟု ယင်း၏ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ကြည်းတပ်ဦးစီးချုပ်နှင့် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲတို့သည် မွန်းလွဲပိုင်း အစည်းအဝေးသို့ တက်ရောက် မည်ဖြစ်ကြောင်း အစ္စလမ်မာဘတ် လုံခြုံရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများပြီးသည်နောက် ပါကစ္စတန်နိုင်ငံ ခေါင်းဆောင် Anwaar-ul-Haq Kakar သည် ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်ခရီးစဉ်ကို ချုံ့ပစ်ခဲ့သည်။

သူ၏ အိမ်စောင့်အစိုးရသည် ပါကစ္စတန်ကို သုံးပတ်သာ လိုတော့သော အထွေထွေ ရွေးကောက်ပွဲသို့ ဦးတည်သွားနေပြီး မဲအကြိုမသမာမှု စွပ်စွဲချက်များဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။

တီဟီရန်နှင့် အစ္စလာမာဘတ်တို့ကလည်း ၎င်းတို့သည် ပြည်ပနယ်မြေများတွင် ခိုလှုံနေသည့် ယင်းတို့၏ ပြည်တွင်းစစ်သွေးကြွများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အပြန်အလှန်ပြောထားကြသည်။

စစ်သွေးကြွများ ဆယ်စုနှစ်များစွာ အုံကြွနေသော မိုးနည်းရေရှားဒေသကို ပိုင်းခြားထားသည့် နယ်စပ်နှစ်ဖက်စလုံးတွင် စုစုပေါင်းသေဆုံးသူ ၁၁ ဦးရှိပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်ဟုသိရသည်။

“ဟယ်လီကော်ပတာတွေက ခေါင်းပေါ်ကနေ ပျံတက်ပြီး အီရန်တိုက်ခိုက်ခဲ့တဲ့နေရာကို ဦးတည်သွားပေမယ့် ဘာဖြစ်သွားခဲ့မှန်း ကျွန်တော်တို့ မသိပါဘူး” ဟု ဒုံးကျည်ထိမှန်သည့်နေရာမှ ၅ ကီလိုမီတာအကွာရှိ ဘာသာရေးကျောင်းငယ်တစ်ခု၏ ဝတ်ပြုအဖွဲ့ခေါင်းဆောင် အသက် ၂၄နှစ်အရွယ် Maulana Mohammad Sadiq ကြာသပတေးနေ့တွင် AFP သို့ပြောကြားခဲ့ သည်။

နှစ်ဖက်ကြား ဆက်ဆံရေး ယိုယွင်းလာခြင်းကြောင့် နယ်စပ်ကို ပိတ်ထားရပြီး ဒေသခံများ အလုပ်အကိုင်နှင့် စားနပ်ရိက္ခာ တင်သွင်းမှုများကို မှီခိုနေရသည့် အီရန် ကုန်သွယ်မှုမှ ဖြတ်တောက်ခံရမည်ကို ရွာသားများက စိုးရိမ်နေကြသည်။

.

“အီရန်နိုင်ငံသားတွေ နယ်စပ်ကို ပိတ်လိုက်ရင် လူတွေ ငတ်ပြီး လူငယ်တွေက ခွဲထွက်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းမှာ ဖြစ်လို့ စစ်သွေးကြွတွေ ပိုဖြစ်လာလိမ့်မယ်” ဟု အသက် ၅၅ နှစ်အရွယ် ဟာဂျီ မိုဟာမက် အစ္စလာမ်က ပြောကြားခဲ့သည်။

Baluch ခွဲထွက်ရေးသမားများသည် တွင်းထွက်သယံဇာတများဝေစုများပိုမိုရရှိရေးအတွက် ကောင်းကောင်းမအုပ်ချုပ်နိုင်ဘဲ ရှိသည့်ဆင်းရဲနွမ်းပါးသောဒေသမှနေ၍ ပါကစ္စတန်အာဏာပိုင်များကို ဆန့်ကျင်ကာ အဆင့်နိမ့်သောင်းကျန်းမှုများကို ဆယ်စုနှစ်များကြာအောင် ဆင်နွှဲလျက်ရှိသည်။

သူပုန်ထမှုကို စစ်တပ်က နှိမ်နင်းမှုတွင် ပျောက်ဆုံးမှုနှင့် တရားလက်လွတ် သတ်ဖြတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် ခဲ့သည်ဟု လူ့အခွင့်အရေးအုပ်စုများကပြောထားသည်။

၂၀၂၁ ခုနှစ်တွင် တာလီဘန်များ အာဏာပြန်ရလာပြီးနောက် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နယ်စပ်တွင် စစ်သွေးကြွရန်လိုမှု များ သိသိသာသာ မြင့်တက်လာသည်။

Source AFP