Published 13 January 2024

အယ်လ်နီညို ရာသီဥတုကြောင့် ယခုနှစ်ဟာ စံချိန်တင်ပူနွေးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထက် ပိုမိုပူပြင်းနိုင်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ သတိပေးလိုက်ပြီး ရာသီဥတု ဖောက်ပြန်မှုကို တိုက်ဖျက်ရန်အတွက် ဓာတ်ငွေ့ထုတ်လွှတ်မှု အများအပြားလျှော့ချကြရန် တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဒီဇင်ဘာလအထိ လစဥ်စံချိန်တင်အပူချိန်ထွက်ပေါ်ခဲ့ပြီး ပူနွေးလာတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဥ်ကြောင့် အလားတူပုံစံ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (UN WMO)က ပြောကြားလိုက်ပါတယ်။

အမေရိကန် အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံကွပ်ကဲရေး (NOAA)ရဲ့ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်ဟာ ၂၀၂၃ ထက် ပိုမိုပူနွေးနိုင်ခြေ ၃ ပုံ ၁ ပုံရှိနေပြီး ၂၀၂၄ ခုနှစ်ဟာ အပူနွေးဆုံးနှစ် ၅ နှစ်ထဲမှာ ပါဝင်နိုင်ခြေကတော့ ၉၉ ရာခိုင်နှုန်း ရှိနေပါတယ်။

ယမန်နှစ်ရဲ့ ဇူလိုင်လနဲ့ ဩဂုတ်လတို့ဟာ အပူဆုံးလများအဖြစ် စံချိန်တင်ခဲ့ပြီး ၂၀၂၃ ခုနှစ်ဟာ အခြားနှစ်များထက် သိသိသာသာ ပူနွေးခဲ့တဲ့ အပူဆုံးနှစ်အဖြစ် တရားဝင်ဖော်ပြခဲ့ပါတယ်။

၂၀၂၃ ပျမ်းမျှကမ္ဘာ့အပူချိန်ဟာ စက်မှုခေတ်မတိုင်မီကာလကထက် ၁.၄၅ ဒီဂရီဆဲလ်စီးယပ်စ် ပိုများခဲ့ပါတယ်။

၂၀၂၃ နှစ်လယ်ပိုင်းက ထွက်ပေါ်လာတဲ့ အယ်လ်နီညိုဟာ ၂၀၂၄ မှာ ပိုမိုပူနွေးလာစေလိမ့်မယ်လို့ WMO မှ အထွေထွေအတွင်းရေးမှူးချုပ်အသစ် ဆဲလက်စ်တေဆော်လိုက သတိပေးလိုက်ပါတယ်။

အေးမြတဲ့ လာနီညာကနေ ပူနွေးတဲ့ အယ်လ်နီညိုသို့ ၂၀၂၃ နှစ်လယ်မှာ ပြောင်းလဲသွားခြင်းက ကမ္ဘာ့အပူချိန် မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အာတိတ်၊ မြောက်အမေရိကမြောက်ပိုင်း၊ အာရှအလယ်ပိုင်း၊ မြောက်အတ္တလန်တိတ်၊ အရှေ့ဘက်ပစိဖိတ်သမပိုင်းတို့ဟာ ပိုမိုပူပြင်းလာပြီး အခုအချိန်မှာ လူသားတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးပြဿနာက ရာသီဥတု ဖောက်ပြန်ခြင်း ဖြစ်တယ်လို့ ပြောပြလိုက်ပါတယ်။

လူသားတွေရဲ့ လုပ်ရပ်ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုဒ်တို့ ၂၀၂၂ မှာ စံချိန်တင် ထုတ်လွှတ်ခဲ့ပြီး ရာသီဥတု ဖောက်ပြန်ရတာ ဖြစ်ပါတယ်။

၁၉၈၀ ခုနှစ်ကတည်းက ဆယ်စုနှစ်တစ်ခုပြီးတစ်ခု ပိုမိုပူနွေးလာပြီး ပြီးခဲ့တဲ့ ၉ နှစ်ကတော့ အပူဆုံးဖြစ်ခဲ့ကြောင်း WMO က ဆိုပါတယ်။
Source: WION
#World_Climate
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News