၂ ဇန်နဝါရီ ၂၀၂၄

ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနဲဒါ  လေဆိပ်တွင် ဇန်နဝါရီ(၂)ရက် အင်္ဂါနေ့ညနေပိုင်းက ဂျပန်လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းသည် ဆင်းသက်စဉ် ကမ်းခြေစောင့်တပ်လေယာဉ်နှင့် တိုက်မိခဲ့ပြီး ဂျက်လေယာဉ်ကို မီးတောက်ကြီးများမဝါးမြိုခင် ရာပေါင်းများစွာသော ခရီးသည်များကို ဘေးလွတ်ရာသို့ အတင်းရွှေ့ပြောင်းပေးခဲ့ရသည်။

ရုပ်မြင်သံကြားသတင်းများတွင် လေယာဉ်သည် ပြေးလမ်းပေါ်တွင် မီးလောင်နေသည်ကို တွေ့ရသည်။ အဆိုပါ လေယာဉ်သည် နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းရှိ Shin-Chitose လေဆိပ်မှ ခရီစဉ် ၅၁၆ အဖြစ် ပျံသန်းလာသည့် အဲဘတ်စ် A350 ဖြစ်သည်။

ဂျပန်လေကြောင်းလိုင်းJAL ၏ အဆိုအရ ခရီးသည်နှင့် အမှုထမ်း ၄၀၀ နီးပါးသည် လေယာဉ်ပေါ်မှ ထွက်ခွာသွားနိုင်ခဲ့ကြောင်း သိရသည်။ ဂျပန်အများပြည်သူပိုင်ရုပ်သံလိုင်း NHK က လေယာဉ်ပေါ်တွင် အနည်းဆုံး လူ ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းပေးပို့သည်။

အာဏာပိုင်များက အဆိုပါ လေယာဉ်သည် ဆင်းသက်စဉ် ဂျပန်ကမ်းခြေစောင့်တပ် လေယာဉ်နှင့် တိုက်မိခဲ့သည့် အပေါ် အာဏာပိုင်များက သံသယရှိနေကြသည်။ ကမ်းရိုးတန်းစောင့်တပ် လေယာဉ်ပေါ်ပါ ခြောက်ဦးအနက် ငါးဦး သေဆုံးခဲ့ပြီး လေယာဉ်မှူးသည် အခြေအနေ စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

နှစ်သစ်ကူးနေ့မှာ ဂျပန်ပင်လယ်ကမ်းရိုးတန်းမှာ လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် လူအများအပြား သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုတွေများစွာ ဖြစ်ပွားခဲ့ခြင်းအတွက် ဂျပန်နိုင်ငံက တုန်လှုပ်နေရပြီးနောက် အခုလို ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာပါ။ ကနဦးသတင်းများအရ ကမ်းခြေစောင့်တပ်လေယာဉ်သည် ငလျင်ဒဏ်သင့်ဒေသသို့ အကူအညီများ ပေးပို့ပေးရာတွင် ပါဝင်နေသည်ဟုသိရသည်။

ဂျပန်လေကြောင်းလိုင်း JAL အတွက်၊  ယခုဖြစ်ရပ်သည် ဆယ်စုနှစ်များအတွင်း ၎င်း၏ အဆိုးရွားဆုံး မတော်တဆမှုဖြစ်သည်။ လေကြောင်းလိုင်းသ်ည ၁၉၈၅ခုနှစ်တွင် အဆိုးရွားဆုံးဘေးအန္တရာယ်နှင့်ကြုံခဲ့ရပြီး ဟာနဲဒါ မှ အိုဆာကာ သို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်အမှတ် ၁၂၃ သည် ယင်း၏ bulkhead တစ်ခုပြန်ထွက်ကာ ဟိုက်ဒရောလစ်ကို ထိခိုက်ပျက်စီးစေခဲ့သဖြင့် လူပေါင်း ၅၂၀ ဦး သေဆုံးခဲ့ရသည်။

လေဆိပ်ရှိ ပြေးလမ်း လေးခုအနက်မှ တစ်ခုဖြစ်သည့် ပြေးလမ်း “စီ” တွင် ဖြစ်ပွားခဲ့သောမတောတဆမှုကြောင့် အရေးပေါ် ဝန်ထမ်းများက အလျင်အမြန်မီးငြှိမ်းသတ်နေရသဖြင့် အင်္ဂါနေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ဟာနဲဒါလေဆိပ် လေယာဉ် အဆင်းအတက် များအားလုံးရပ်တန့်ခဲ့ရသည်။

မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက အဆိုပါ မတော်တဆမှုအား စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ က ထိခိုက်ပျက်စီးမှုကို စုံစမ်းစစ်ဆေးရန်နှင့် အများပြည်သူသို့ သတင်းအချက်အလက်များထုတ်ပြန်ပေးရန် သက်ဆိုင်ရာအေဂျင်စီများကို အမိန့်ပေးခဲ့သည်။

Source Nikkei Asia