၁၉ ဒီဇင်ဘာ။

လာမည့်လ အထွေထွေရွေးကောက်ပွဲမတိုင်ခင် အစိုးရကိုနှုတ်ထွက်ပေးရန် တောင်းဆိုဖို့ အတိုက်အခံတွေကိုဖိအားပေးတဲ့ ကန့်ကွက် ဆန္ဒပြပွဲတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံအနှံ့ပြုလုပ်နေပြီး ဒီဇင်ဘာ ၁၉ရက်က ဆန္ဒပြသူတွေဟာ ရထားတစ်စီးကို မီးရှို့လိုက်တဲ့ အတွက် လူလေးဦးသေဆုံးသွားရပါတယ်။ သေဆုံးသူတွေထဲမှာ မိခင်တစ်ဦးနှင့်ကလေးငယ်တို့ပါဝင်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းရေးသားပါတယ်။

အောက်တိုဘာ ၂၈ရက်ကတည်းက စတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကနေအကြမ်းဖက်ပုံစံပြောင်းလဲသွားပြီးနောက်  ဒါဇင်ပေါင်းများစွာသော ဘတ်စကားနှင့်ယာဉ်များ မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ခြောက်ဦးထက်မနည်းသေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

“ ဆန္ဒပြသူတွေဟာ အမြန်ရထားတစ်စီးရဲ့ ရထားတွဲ(၃)တွဲကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ရထားတွဲတစ်ခုက အလောင်း(၄)လောင်း ရရှိပါတယ်” လို့ မီးသတ်ဌာနအရာရှိ ရှားဂျာဟန်ရှစ်ဒါက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက်၃၂နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့်သူမရဲ့ သုံးနှစ်အရွယ်သားကလေးလည်းပါဝင်ပါတယ်။

ရထားထဲ ခရီးသည်ဘယ်နှစ်ဦးစီးနင်းလိုက်ပါခဲ့သလဲဆိုတာမသိရပါဘူး။ ရထားဟာ မြောက်ပိုင်းက နီထရိုကိုနာခရိုင်မှ မြို့တော် ဒါကာကို ဦးတည်ခုတ်မောင်းခဲ့တာဖြစ်ပါတယ်။ ခရီးဆုံးရောက်ခါနီးမှာ ရထားမီးလောင်တာကို ခရီးသည်တွေ တွေ့ရှိခဲ့ကြပါတယ်။

“ ရထားကိုမီးရှို့တာအပြင် နေရာတော်တော်များများမှာလည်း ရထားလမ်းအစိတ်အပိုင်းတွေကို ဖြုတ်ထားကြတယ်” လို့ ရထားဝန်ကြီး နူယူအစ္စလမ်ဆူဂျန်ကပြောပါတယ်။ ဒီလောက်ကြီးမားတဲ့ရထားလိုင်းကြီးမှာ လုံလောက်တဲ့ လုံခြုံရေးထားရှိဖို့ဆိုတာ ခက်ခဲပါတယ်” လို့လည်း ဝန်ကြီးကဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးဝါဒီပါတီ(ဘီအင်န်ပီ)ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ထောင်ကျနေကြတာ ဒါမှမဟုတ် ပြည်ပေးဘဝရောက်နေကြတာတွေရှိနေပါတယ်။ အဲဒါကြောင့် ဘီအင်န်ပီက ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ရာထူးကဆင်းပေးဖို့နှင့် သပိတ်မှောက်ထားပြီးဖြစ်တဲ့ ဇန်နဝါရီ (၇)ရက်ရွေးကောက်ပွဲကို ကြီးကြပ်ရန် ကြားနေအစိုးရတစ်ရပ်အတွက် လမ်းဖွင့်ပေးဖို့ လိုလားနေကြပါတယ်။

သူမရဲ့ ငါးနှစ်တစ်ကြိမ်ဝန်ကြီးချုပ်သက်တမ်းရဲ့ စတုတ္ထမြောက်သက်တမ်းကို ဆက်သွားလိုတဲ့ ဟာဆီနာက အတိုက်အခံတွေတောင်းဆိုတဲ့ ရာထူးကဆင်းပေးဖို့ဆိုတာကို ပြန်ပယ်ချခဲ့ပါတယ်။ လတ်တလောလမ်းပေါ်ကသေဆုံးနေရမှုတွေအတွက် သူမက ဘီအင်န်ပီကို အပြစ်တင် လိုက်ပါတယ်။

ဘီအင်န်ပီ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရာဟုကာဘီယာရစ်ဗီက ရထားမီးရှို့ခဲ့တဲ့ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။  “ဒီလိုကောက်ကျစ်ယုတ်မာတဲ့အလုပ်တွေကိုလုပ်သူတွေဟာ တရားမဝင် ပြည်သူ့ဆန့်ကျင်ရေးအင်အားစုတွေရဲ့ အကူအညီနှင့်ပဲလုပ်နိုင်ကြဖို့များတယ်” လို့သူကပြောပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေက အတိုက်အခံခေါင်းဆောင်တွေနှင့်ယင်းတို့ကိုထောက်ခံသူတွေကို ပစ်မှတ်ထားနေတယ်လို့ အစိုးရကို စွပ်စွဲထားပါတယ်။ အစိုးရက အဲဒီစွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ အနောက်နိုင်ငံတွေရဲ့ ဖိအားကိုတော့ အစိုးရအနေနှင့်ရင်ဆိုင်နေရပါတယ်။

ပုံမှန်ပြုလုပ်နေကျအတိုင်း ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်ဟာ အကြမ်းဖက်မှုတွေကို ဟန့်တားနိုင်ဖို့ ဒီဇင်ဘာ ၂၉ရက်ကစပြီး စစ်တပ်တွေကိုဖြန့်ကျက်ချထားဖို့ ဆုံးဖြတ်ထားပါတယ်။

Source:Reuters

-ymg/knl