Published 18 December 2023

ဂါဇာကမ်းမြောင်မှာ ကွန်ကရစ်တွေ သံတွေဖြင့် ဆောက်လုပ်ထားတဲ့ ဟားမတ်စ်တို့ရဲ့ ဥမင်လိုဏ်ခေါင်းကြီးတစ်ခုကို တွေ့ရှိခဲ့ပြီး အဓိကနယ်စပ်ဖြတ်ကျော်ရာ နေရာကနေ မီတာအနည်းငယ်သာ ကွာဝေးကြောင်း အစ္စရေးလ်စစ်တပ်က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

လိုဏ်ခေါင်းရဲ့ အရွယ်အစားက မော်တော်ယာဥ်ငယ်များ အလွယ်တကူ ဝင်ရောက်သွားလာလို့ရတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။

ဥမင်လိုဏ်ခေါင်းဟာ တည်ဆောက်ဖို့ ဒေါ်လာသန်းနဲ့ချီ ကုန်ကျခဲ့ပြီး နှစ်ချီအောင် အချိန်ယူခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်ကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ ဦးဆောင်စီစဥ်သူ ဟားမတ်စ်အကြီးအကဲ ယာဟာဆင်ဝါနဲ့ ညီအစ်ကိုတော်တဲ့ မိုဟာမက်ယာဟာက ထိုလိုဏ်ခေါင်းစီမံကိန်းကို ဦးစီးခဲ့တာဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။

ဂါဇာမှာ တွေ့ရှိထားတဲ့ အကြီးဆုံးလိုဏ်ခေါင်းထဲကို ဝင်ရောက်တော့မှာ ဖြစ်ကြောင်း၊ ဒါဟာ ဆင်ဝါရဲ့ အကြီးဆုံးမြေအောက်စီမံကိန်း ဖြစ်ကြောင်း၊ ဒါက နယ်စပ်ဖြတ်ကျော်ဖို့ကို အဓိကထားပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ရည်ရွယ်ထားတဲ့ စီမံကိန်းလို့ သိရှိထားကြောင်း စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီက ပြောပြသွားပါတယ်။

အဆိုပါ ဧရာမလိုဏ်ခေါင်းစနစ်ထဲမှာ လမ်းခွဲများစွာ ပါဝင်ပြီး စုစုပေါင်း ၂ မိုင်ခွဲခန့် ကျယ်ပြန့်ကာ ဂါဇာလူမျိုးတွေ နေ့စဥ်နဲ့အမျှ အစ္စရေးလ်သို့ အလုပ်သွားတဲ့အခါ ဖြတ်သန်းရတဲ့ အဲရက်ဇ်နယ်စပ်နေရာကနေ မီတာ ၄၀၀ ခန့်သာ ကွာဝေးပါတယ်။

လိုဏ်ခေါင်းစုစုပေါင်းအရှည် ၄ ကီလိုမီတာဟာ ဟားမတ်စ်တို့အုပ်စိုးခဲ့တဲ့ ဂါဇာမြောက်ပိုင်းမြို့သို့ ရောက်တဲ့အထိ ရှည်လျားပါတယ်။

ဒါ့အပြင် ဟားမတ်စ်အကြီးတန်း ခေါင်းဆောင်တွေ အသုံးပြုခဲ့တဲ့ ဂါဇာအပန်းဖြေအိမ်များအောက်က လိုဏ်ခေါင်းတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ အစ္စရေးလ်တပ်များက တနင်္ဂနွေနေ့က ဆိုပါတယ်။

ဟားမတ်စ်ဘက်မှ ခန်းယူနစ်တပ်ရင်းရဲ့ တပ်မှူးရုံးခန်းတွေနဲ့ အပန်းဖြေနေအိမ်တွေကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ဆိုပါတယ်။
Source: WION
#World_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group