Published 05 December 2023

ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စိတ်ကြီးဝင်နေတဲ့သူတွေဟာ လက်ကိုင်ဖုန်းတွေကို ပိုမိုစွဲလမ်းရူးသွပ်နိုင်ဖွယ် ရှိတယ်လို့ ရိုမေးနီးယား သုတေသီများက လေ့လာတွေ့ရှိခဲ့ပါတယ်။

လက်ကိုင်ဖုန်းစွဲလမ်းသူတွေဟာ ဖုန်းနဲ့အဆက်အသွယ် ပြတ်သွားမှာကို စိုးရိမ်နေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

သုတေသီများက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား လူပေါင်း ၅၅၉ ဦးကို အွန်လိုင်းစစ်တမ်း ကောက်ယူကာ စိတ်ကြီးဝင်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဆိုရှယ်မီဒီယာ စွဲလမ်းခြင်းလက္ခဏာများကို စမ်းသပ်တဲ့ မေးခွန်းများ ပါဝင်ခဲ့ပါတယ်။

မိမိကိုယ်ကို အထင်ကြီးတဲ့ စရိုက်လက္ခဏာတွေမှာ အမှတ်များများရတဲ့ လူတွေဟာ မိုဘိုင်းဖုန်း မကိုင်ရဘဲ မနေနိုင်တဲ့လက္ခဏာ သိသိသာသာ မြင့်မားနေတာကို တွေ့ရှိခဲ့ပါတယ်။

ထိုသူတွေဟာ အခြားသူတွေဆီက အသိအမှတ်ပြု လေးစားခြင်းကို အလိုရှိနေပြီး ဆိုရှယ်မီဒီယာတွေကနေ လိုက်ခ်တွေ ကွန်မန့်တွေ အလွယ်တကူရရှိတာကို ခံယူချင်နေကြတယ်လို့လည်း တွေ့ရှိခဲ့ကြပါတယ်။

ဒီလိုလူမျိုးဟာ အခြားသူများထံမှ အသိအမှတ်ပြုခြင်း လေးစားခြင်းတို့ကို အလွန်လိုချင်ပြီး လူတွေရဲ့ အာရုံစိုက်မှုကို ခံယူချင်ကြကြောင်း၊ ယင်းတို့ကို အထက်တန်းစားသဖွယ် ဆက်ဆံခံရဖို့ မျှော်လင့်နေကြကြောင်း ဖော်ပြထားပါတယ်။

ထိုလေ့လာချက်ထဲမှာ ဖုန်းမကိုင်ရမနေနိုင်ဖြစ်ခြင်း၊ စိတ်ကြီးဝင်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဆိုရှယ်မီဒီယာစွဲလမ်းခြင်းတို့ဟာ လူတစ်ယောက်ရဲ့ စရိုက်ပြုမူပုံအပေါ် ဘယ်လိုလွှမ်းမိုးနေလဲဆိုတာကို Psychology ဂျာနယ်မှာ ရှင်းလင်းထားပါတယ်။

အထောက်အထားများအရ ဆိုရှယ်မီဒီယာ စွဲလမ်းခြင်းနဲ့ ဖုန်းမကိုင်ရမနေနိုင်ဖြစ်ခြင်းတို့ဟာ စိတ်ကြီးဝင်ခြင်းနဲ့ ဖိစီးမှုတို့ကြား ပတ်သက်မှုကို အားပေးနေပါတယ်။

ဒါတွေကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းတွေရှိနေပါတယ်။

ဆိုရှယ်မီဒီယာ မဖြစ်မနေ သုံးစွဲဖို့လိုတယ်ဆိုတာမျိုးကို ဖယ်ရှားပြီး ဆိုရှယ်မီဒီယာအက်ပ် တစ်ခုခုကနေ ထွက်လိုက်တဲ့အခါ ဝင်လိုက်တဲ့အခါ ဖြစ်လာတဲ့ စိတ်ခံစားချက်မျိုးကို စဥ်းစားသုံးသပ်သင့်သလို လူအများအပြားက သူတို့ရဲ့ဘဝအမှန်ကို အွန်လိုင်းမှာ မဖော်ပြတာကြောင့် တက်လာသမျှ အကြောင်းအရာတိုင်းကို အမှန်မယူတာမျိုး ပြုလုပ်သင့်ပါတယ်။
Source: New York Post.
#World_Health
#YMG_News #Yangon_Times #Yangon_Media_Group