Published 1 December 2023

ကလေး ၂ ယောက်အမေဟာ ရေသောက်များလွန်းခြင်းကြောင့် အသက်ဆုံးပါးသွားရပြီး သူ့ရဲ့အမျိုးသားကတော့ ဒီအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တစ်ခုကို အပြစ်တင်နေပါတယ်။

အင်္ဂလန်မှ အသက် ၄၅ နှစ်အရွယ် မစ်ရှဲလ်ဝှိုက်ဟတ်ဟာ စိတ်ဝေဒနာတစ်ခု ခံစားခဲ့ရပြီးနောက် ၂၀၂၁ မေလ ၅ ရက်နေ့မှာ နော်တင်ဂမ်ရှိုင်းယားရှိ မေးလ်ဘရွတ်ခ် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။

ရေအလွန်အကျူး သောက်ပြီး ကိုမာဝင်သွားတာကို ဆေးဝန်ထမ်းများ နောက်ကျမှ သိခဲ့ပြီးနောက် ၂ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

အရေးပေါ်ကြပ်မတ်ဆောင်ကို စောစီးစွာ ခေါ်သွားပြီး အားဆေးချိတ်ထားမယ်ဆိုရင် မစ်ရှဲလ်အသက်ကို ကယ်နိုင်လောက်မယ်လို့ အမျိုးသားဖြစ်သူ မိုက်ကယ်ဝှိုက်ဟတ်က ဆိုပါတယ်။

ဝှိုက်ဟတ်မှာ ရေအလွန်အကျူး သောက်တတ်တဲ့ ရောဂါအခြေအနေတစ်ခု ရှိခဲ့ပြီး စိတ်ကျန်းမာရေး ပုံမှန်မဟုတ်သူတွေမှာ တွေ့ရတတ်ကြောင်း BMJ Best Practice ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ဆေးရုံမှ ဆေးဝန်ထမ်းတွေက သူမမှာ ဒီလိုရောဂါရှိတာကို မသိရှိခဲ့ဘဲ အခန်းထဲမှာ သောက်ရေတွေ ရှိနေခဲ့တယ်လို့ မိုက်ကယ်က ဆိုပါတယ်။

သေဆုံးခြင်းအကြောင်းအရင်းကို ရှာဖွေရာမှာ ဝန်ထမ်းတွေက သူမကို ငြိမ်သက်အောင် ဆေးများပေးခဲ့ရာ ကိုမာဝင်သွားတာကို မသိခဲ့ကြဘူးလို့ သိရပါတယ်။

ကင်းစ်မေးလ်ဆေးရုံသို့ ခေါ်ဆောင်ပြီးနောက် ရေသောက်များရာကနေ ဆိုဒီယမ်ပမာဏ နည်းပါးသွားပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရေသောက်များလွန်းတဲ့အတွက် ဦးနှောက်မှာ ဖောင်းကားလာပြီး အသက်ဆုံးပါးခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ နော်တင်ဂမ်ဆေးရုံက လွဲမှားချက် ၈ ချက်ကို ဝန်ခံလိုက်ကာ စိတ်ငြိမ်ဆေးပေးတဲ့အချိန် မူဝါဒအတိုင်း မလိုက်နာခြင်းနဲ့ ဝန်ထမ်းတွေဟာ မိုဘိုင်းဖုန်းတွေနဲ့ အာရုံများနေခြင်းတို့ ပါဝင်နေပါတယ်။

ဆေးရုံဖောင်ဒေးရှင်းမှ စီအီးအို အစ်ဖ်တီမာဂျစ်က မိသားစုဝင်တွေကို တောင်းပန်ခဲ့ပါတယ်။

ဝှိုက်ဟတ်လင်မယားဟာ ငယ်စဥ်ကတည်းက ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ မျှ အတူနေထိုင်ခဲ့ကြပြီး သား ၂ ယောက်မွေးဖွားရာမှာ တစ်ဦးက ဒေါင်းဆင်ဒရုန်းဝေဒနာ ရှိနေကာ မစ်ရှဲလ်က သူ့ကိုအချိန်ပြည့် ဂရုစိုက်ပေးနေခဲ့ပါတယ်။
Source: New York Post
#World_Health
#Yangon_Times # YMG_News #Yangon_Media_Group