Published 30 November 2023

လူတွေဖျားနာတဲ့အခါ ရပ်ကွက်ထဲက ဆေးဆိုင်သွားပြီး ဆေးဝယ်ယူသောက်သုံးလေ့ရှိကြပါတယ်။

ထိုပိုးသတ်ဆေးတွေကြောင့် သက်သာသွားကြပေမယ့် ဒါဟာ ကပ်ရောဂါဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။

ဒီလိုလုပ်ရပ်ကြောင့် ပဋိဇီဝဆေးယဥ်ပါးခြင်း ဖြစ်လာနိုင်ပြီး ကမ္ဘာတဝှမ်းမှာ ဒုက္ခအပေးနိုင်ဆုံး ကပ်ဘေး ဖြစ်လာနိုင်ပါတယ်။

ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ မှိုများ၊ ကပ်ပါးကောင်များက အချိန်နဲ့အမျှ ပြောင်းလဲလာပြီး ဆေးမတိုးတော့တဲ့အခါ ပဋိဇီဝဆေးယဥ်ပါးခြင်း ဖြစ်လာပါတယ်။

ထိုကနေ ရောဂါများကို ကုသရန် ပိုမိုခက်ခဲလာပြီး ရောဂါပိုမိုပျံ့ပွား ဆိုးရွားလာကာ ပိုပြီးအသက်အန္တရာယ် ရှိလာကြောင်း WHO က ဆိုပါတယ်။

ပဋိဇီဝဆေးတွေကို မှားယွင်းစွာ အသုံးပြုကြခြင်းကြောင့် ဆေးယဥ်ပါးခြင်း ပျံ့နှံ့ပွားများလာတာ ဖြစ်ပါတယ်။

လူတွေက မိမိဘာသာ ဆေးဝယ်ယူသောက်သုံးခြင်းအပြင် ဆရာဝန်က ညွှန်ကြားတဲ့ ဆေးတွေကို ဆေးပတ်လည်အောင် မသောက်သုံးခြင်းတို့လည်း ပါဝင်နေပါတယ်။

၂၀၁၉ ခုနှစ်မှာ ဆေးယဥ်ပါးခြင်းကြောင့် လူပေါင်း ၁.၂၅ သန်း သေဆုံးခဲ့ရပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ပဋိဇီဝဆေးယဥ်ပါးခြင်း အဖြစ်ဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။

မိမိဘာသာ ဆေးသောက်သုံးခြင်း မပြုရန်နဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးပတ်လည်အောင် သောက်သုံးရန် ညွှန်ကြားထားပါတယ်။

ဆေးယဥ်ပါးခြင်းဟာ အသံတိတ်ကပ်ရောဂါ ဖြစ်နေတယ်လို့ ဆရာဝန်များက သတ်မှတ်ထားပါတယ်။

ဆေးဆိုင်တွေမှာ ပဋိဇီဝဆေးတွေကို ဆေးညွှန်းမပါဘဲ ဝယ်ယူနိုင်တာဟာ ပြဿနာကြီးတစ်ရပ် ဖြစ်နေပါတယ်။

ပဋိဇီဝဆေးယဥ်ပါးခြင်းကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့ကိုပါ ထိခိုက်လာစေကြောင်း အိန္ဒိယရောဂါ ကူးစက်မှုထိန်းချုပ်ရေး ဥက္ကဌ ဒေါက်တာရန်ဂါ ရက်ဒီဘူရီက ဆိုပါတယ်။

ယခုနှစ် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးမှာလည်း WHO အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးက ပဋိဇီဝဆေးယဥ်ပါးခြင်းကို အဓိကကျန်းမာရေး ပြဿနာအဖြစ် ဖော်ပြခဲ့ပါတယ်။

ရောဂါကူးစက်စဥ် ဆေးဝါးများကို ထိရောက်စွာ အသုံးမပြုနိုင်ခြင်းကြောင့် ရောဂါပိုးမွှားများဟာ ပြောင်းလဲလာပြီး ဆေးယဥ်ပါးလာတာ ဖြစ်ပါတယ်။
Source: India Today
#World_Health
#Published 30 November 2023
#Yangon_Times #YMG_News #Yangon_Media_Group