၂၀ နိုဝင်ဘာ ၂၀၂၃

ထိုင်းနိုင်ငံရှိ ဟိုတယ်တစ်လုံးတွင် သေဆုံးလျက်တွေ့ရှိခဲ့ရတဲ့ တိုင်ဝမ်အမျိုးသားရဲ့ မီးခံသေတ္တာတွေထဲမှာ အမေရိကန် ဒေါ်လာ အတုများ၊ မိတ္တူကူးပစ္စည်းများကို သိမ်းဆည်းရမိတယ်လို့ ဘန်နာရဲဌာနက ပြောတဲ့ အကြောင်း ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။

ရဲတွေဟာ အမေရိကန်ဒေါ်လာငွေစက္ကူအတုတွေ၊ ရောင်စုံစက္ကူတွေနှင့် မိတ္တူကူးပစ္စည်းတွေကို ပြီးခဲ့တဲ့အပတ်က ဘန်နာခရိုင် ဟိုတယ်တစ်ခုမှာ အသတ်ခံရတဲ့ ထိုင်ဝမ်အမျိုးသားတစ်ဦးရဲ့ မီးခံသေတ္တာတွေထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အကြီးတန်းရဲအရာရှိတွေနှင့် မှုခင်းဆေးပညာအရာရှိတွေဟာ တနင်္လာနေ့က ဘန်နာရဲဌာနမှာ မီးခံသေတ္တာနှစ်လုံးကို ဖွင့်ခဲ့တာပါ။ အဲဒီမီးခံသေတ္တာတွေကို သူတို့ဟာ နီရန်ဂရင်းဟိုတယ် ခြောက်ထပ်မှာရှိတဲ့ သေဆုံးသူ အသက် ၄၈နှစ်အရွယ် ချူကျန်းရှန်းရဲ့ အခန်းထဲမှ ယူဆောင်ခဲ့ကြတာဖြစ်ပါတယ်။

အရာရှိတွေဟာ ငွေစက္ကူအတု အရွက်ပေါင်း ၁၃၁၂ရွက်၊ အမည်းရောင်စက္ကူ၁၈၂၁ရွက် အစိမ်းရောင်စက္ကူ ၈၇၉၀ ရွက်တို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ရဲတွေက ငွေစက္ကူအတုလုပ်ရာမှာ ပတ်သက်တယ်လို့သံသယရှိထားတဲ့ ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသားတွေကို ကြိုးစားရှာဖွေနေကြပါတယ်။

ချူကို ပြီးခဲ့တဲ့အပတ်ကြာသပတေးနေ့က သူ့ဟိုတယ်ခန်းထဲ သေဆုံးလျက်တွေ့ရှိခဲ့ကြပါတယ်။ သူ့ခြေလက်တွေကို ကြိုးတုပ်ထားပြီး သူ့မျက်နှာလည်း ပလပ်စတစ်အစနှင့်ပတ်ခံထားရတာတွေ့ရပြီး သူဟာ အသက်ရှုကြပ်ပြီးသေဆုံး ရတာလို့ ရဲက ကောက်ချချထားပါတယ်။

သူဟာ ပြီးခဲ့တဲ့အပတ်အင်္ဂါနေ့က ဟိုတယ်မှာ စတည်းခိုခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။  လူသတ်မှုဟာ ဗုဒ္ဓဟူးနေ့ ညဉ့်နက်ပိုင်းနှင့် ကြာသပတေးမနက်စောစောအပိုင်းအကြား ဖြစ်ပွားခဲ့တာလို့ ရဲက ယူဆထားပါတယ်။

လူသတ်မှုဖြစ်ပွားပြီးသိပ်မကြာခင်မှာပဲ မြန်မာနှင့် ကင်မရွန်နိုင်ငံသား နှစ်ဦးတို့ကို ရဲကဖမ်းဆီးခဲ့ပါတယ်။ လွတ်မြောက်နေတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို လိုက်ရှာနေပေမယ့် သူမဟာ ထိုင်းကထွက်သွားလောက်ပြီလို့ ရဲက ယူဆထားပါတယ်။