Published 07 November 2023

အရေးမသာတဲ့ အခြေအနေတစ်ခုမှာ မလိုအပ်ဘဲ စွန့်စားမှုမလုပ်တဲ့ လုပ်ရပ်မျိုးကို လူသားတွေ ကျင့်ကြံကြတာဟာ သဘာဝဖြစ်ပါတယ်။

အိုင်ဗရီကို့စ်အနောက်တောင်ပိုင်း ထိုင်အမျိုးသားဥယျာဥ်ရှိ ချင်ပန်ဇီမျောက်များဟာလည်း ဒီလိုမျိုး လုပ်ဆောင်တတ်ကြပုံကို မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါချင်ပန်ဇီ အသိုင်းအဝိုင်း ၂ ဖွဲ့ကို ၃ နှစ်ကြာအောင် နေ့စဥ်လှုပ်ရှားမှုများ လေ့လာခဲ့ရာမှာ စစ်ပွဲတွေမှာ မြင့်မားတဲ့နယ်ပယ် အသုံးချတဲ့နည်းဗျူဟာများ အသုံးပြုတာကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သုတေသီများက ကြာသပတေးနေ့မှာ ပြောပြခဲ့ပါတယ်။

ချင်ပန်ဇီတွေဟာ ရန်သူနယ်မြေထဲ ခိုးဝင်ခြင်းရှိမရှိ တောင်ကုန်းပေါ်မှ ထောက်လှမ်းရရှိတဲ့ အချက်အလက်များဖြင့် ထိပ်တိုက်တွေ့ဆုံနိုင်ခြေ နည်းတဲ့အချိန်မှာ ပိုမိုလုပ်ဆောင်ကြတယ်လို့ လေ့လာတွေ့ရှိပါတယ်။

ဒီလေ့လာမှုကနေ ချင်ပန်ဇီတွေဟာ လူသားတွေအသုံးပြုတဲ့ နည်းဗျူဟာများအတိုင်း လုပ်ဆောင်နိုင်တာကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရရှိလာတဲ့ သတင်းအချက်အလက်အရ ဘယ်အချိန် ဘယ်နေရာမှာ ဘေးကင်းစွာဘယ်လို လုပ်ဆောင်ရမလဲဆိုတဲ့ အသိဉာဏ်ရှိကြတာကို တွေ့မြင်ခဲ့ရကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ သုတေသနခေါင်းဆောင် ဆဲလ်ဗိန်းလီမွန်က ပြောပြသွားပါတယ်။

ချင်ပန်ဇီများကြား အုပ်စုတွင်းအကြမ်းဖက်မှုများ မကြာခဏရှိတတ်သလို နယ်မြေလုတာနဲ့ ပတ်သက်ပြီး မကြာမကြာ တိုက်ခိုက်နေတတ်ပါတယ်။

ချင်ပန်ဇီတွေဟာလည်း စားစရာရင်းမြစ်ခိုင်မာစေရန် နေရာလုကြကြောင်း၊ နယ်မြေကျယ်တဲ့အခါ အုပ်စုတွင်းရန်လိုမှု နည်းပါးသွားကြောင်း၊ အမတွေရဲ့ မျိုးပွားနှုန်းက ကျယ်ပြန့်နေရာတွေမှာ ပိုများကြောင်း ဖော်ပြထားပါတယ်။

စမ်းသပ်မှုမှာပါဝင်တဲ့ အဖွဲ့  ၂ ဖွဲ့မှာ အရေအတွက်အားဖြင့် အကောင် ၄၀ မှ ၄၅ အတွင်းရှိကြကာ အထီးတွေက ၅ ကောင်မှ ၆ ကောင်၊ အမတွေက ၁၀ ကောင်မှ ၁၃ ကောင်၊ ကျန်တာတွေက ဆယ်ကျော်သက်တွေ၊ မသန်မစွမ်းတွေ၊ ကလေးတွေ ဖြစ်ကြပါတယ်။

ချင်ပန်ဇီတွေက နယ်မြေအလွန်စိုးမိုးကြပြီး ပုံမှန်လှည့်လည် စောင့်ကြပ်ကြကာ အလွန်ပူးပေါင်းညီညွတ်တဲ့ နည်းလမ်းဖြင့် လှည့်လည်ကြတယ်လို့ သုတေသီက ပြောပြခဲ့ပါတယ်။

ချင်ပန်ဇီတွေနဲ့ ဘိုနိုဘိုတို့ဟာ လူသားတွေနဲ့ မျိုးရိုးဗီဇ အနီးကပ်ဆုံးဖြစ်ပြီး DNA ၉၈.၈ လောက်တူညီပါတယ်။

လူသားတွေနဲ့ ချင်ပန်ဇီတို့ရဲ့ မျိုးရိုးလမ်းကြောင်း ကွဲပြားသွားတာဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆.၉ သန်းကနေ ၉ သန်းအတွင်းဖြစ်ပါတယ်။

ဒီလေ့လာမှုဟာ လူသားတွေရဲ့ မူလမျိုးစိတ်တွေရဲ့ ပြုမူနေထိုင်ပုံတွေကို ပိုမိုသိရှိစေတယ်လို့ ဆိုပါတယ်။

လူသားတွေနဲ့ အနီးစပ်ဆုံးမျိုးစိတ်တွေနဲ့ ဘယ်လောက်အထိ ကိုက်ညီမှုရှိကြောင်း၊ တောရိုင်းတိရိစ္ဆာန်တွေနဲ့ ဘယ်လောက်နီးစပ်ခဲ့ကြောင်း လေ့လာခွင့်ရတယ်လို့ ဆိုသွားပါတယ်။
Source: Reuters
#World_Science
#Published_ 07 November 2023
#YMG #Yangon_Times #Yangon_Media_Group