၃၁ အောက်တိုဘာ ၂၀၂၃

မူစလင်အမေရိကန်တွေနှင့် အချို့သော ဒီမိုကရက်တစ်ပါတီကလှုပ်ရှားတက်ကြွသူတွေက သမ္မတဂျိုးဘိုင်ဒင်အနေနှင့် ဂါဇာ အပစ်အခတ်ရပ်စဲရေးအတွက် ချက်ခြင်းအရေးယူဆောင်ရွက်မှုမလုပ်ဘူးဆိုရင် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် ကို ငွေလည်းလှူမှာမဟုတ်သလို မဲလည်းပေးမှာမဟုတ်ဘူးလို့ အကြပ်ကိုင်လိုက်ကြပါတယ်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေပါဝင်တဲ့ အမျိုးသားမူစလင်ဒီမိုကရက်တစ်ကောင်စီက အင်္ဂါနေ့ ညနေငါးနာရီနောက်ဆုံး ထားပြီး အစ္စရေးနယ်စပ်မှာ အပစ်အခတ်ရပ်စဲဖို့ ဘိုင်ဒင်က သူ့ရဲ့ ဩဇာအရှိန်အဝါကိုအသုံးပြုပေးဖို့ တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီကောင်စီမှာပါတဲ့ ဒီမိုကရက်တစ်ပါတီ အမတ်တွေဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရပြီး ရွေးကောက်ပွဲရလာဒ်ကို အဆုံးအဖြတ်ပေးနိုင်ဖွယ် ရှိကြတဲ့ မီချီကန်၊အိုဟိုင်းအိုနှင့်ပင်ဆီဗန်းနီးယားစတဲ့ ပြည်နယ်တွေက ဖြစ်ကြပါတယ်။

“၂၀၂၃ အပစ်အခတ်ရပ်စဲရေးရာဇသံ” လို့ အမည်ပေးထားတဲ့ အဆိုပါ အိတ်ဖွင့်ပေးစာမှာ မူစလင်ခေါင်းဆောင်တွေဟာ ပါလက်စတိုင်းပြည်သူတွေအပေါ်  အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို‌ ထောက်ခံမှုပေးတဲ့ မည်သည့် သမ္မတလောင်းကိုမဆို ထောက်ခံခြင်း၊မဲပေးခြင်းတွေ မပြုလုပ်ဖို့ မူဆလင်မဲဆန္ဒရှင်တွေကို ဆော်ဩစည်းရုံးသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

“ ခင်ဗျားအစိုးရရဲ့အကြွင်းမဲ့ထောက်ခံမှု၊ ရန်ပုံငွေနှင့် လက်နက်ထောက်ပံ့မှုတွေဟာ အရပ်သားတွေ သေကြေထိခိုက်မှုဖြစ်ရတဲ့ အကြမ်းဖက်မှုတွေကို ထပ်တလဲလဲဖြစ်ပေါ်အောင် သိသာထင်ရှားတဲ့ အခန်းကဏ္ဍမှာရှိနေတယ်” လို့ ကောင်စီက ရေးသားထားပါတယ်။

အမေရိကန်လွှတ်တော်အမတ်ဟောင်းနှင့် မီနီဆိုတာရဲ့ ရှေ့နေချုပ် ကိတ်အယ်လီဆင် နှင့် အင်ဒီယာနာအမတ် အင်ဒရီကာဆွန်တို့ဟာ အဆိုပါကောင်စီကို တည်ထောင်ခဲ့တဲ့ ပူးတွဲ ဥက္ကဋ္ဌတွေဖြစ်ကြပါတယ်။

ယခုအိတ်ဖွင့်ပေးစာဟာ အောက်တိုဘာ ၇ ရက်နေ့ ဟားမာ့စ်စစ်သွေးကြတွေရဲ့ တိုက်ခိုက်မှုတစ်ခုအပေါ် အစ္စရေးက ဂါဇာ ကမ်းမြောင်မှာ တိုက်ခိုက်နေမှုအပေါ် ဘိုင်ဒင်အနေနှင့် ရှုတ်ချဖို့ ပျက်ကွက်နေခြင်းအပေါ် အာရပ်နှင့် အမေရိကန်မူစလင် အသိုက်အဝန်းရဲ့ ဒေါသတွေကြီးထွားလာနေတာကို ပြသတဲ့ နောက်ဆုံးလက္ခဏာတစ်ခုဖြစ်ပါတယ်။

Source Reuters