#World_News
Published 24 October 2023
အစ္စရေးလ်တို့က ပါလက်စ်တိုင်း စစ်သွေးကြွ ဟားမတ်စ်တို့ကို အညှာအတာမရှိ တိုက်ခိုက်ပြီး ချေမှုန်းပစ်ရန် ပြင်ဆင်နေကြောင်း ပြောကြားလိုက်ကာ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားကတော့ လူ့အသက်တွေကို ပဓာနမထားဘဲ အစ္စရေးလ်ဘက်မှ စစ်ရေးဗျူဟာများ ဆောင်ရွက်နေမယ်ဆိုရင် နောက်ဆုံးမှာ မျှော်မှန်းထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

 

အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်တောင်ပိုင်းကို ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်း အစ္စရေးလ်ဘက်က လေကြောင်းကနေ တုန့်ပြန်တိုက်ခိုက်လာတာ ၂ ပတ်ကြာမြင့်လာပြီဖြစ်ရာ ဂါဇာမှာ သေဆုံးသူဦးရေ ၅,၀၀၀ ရှိလာပြီဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

တနင်္လာနေ့မှာ အစ္စရေးလ်တို့က ဂါဇာရှိပစ်မှတ်ပေါင်း ရာဂဏန်းခန့်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး စစ်သားများကတော့ ဝိုင်းရံထားတဲ့ ပါလက်စ်တိုင်းကမ်းမြောင်ကို ဝင်ရောက်စီးနင်းကာ ဟားမတ်စ်စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ပါတယ်။

 

ဟားမတ်စ်တို့က ဖမ်းဆီးသွားတဲ့ ဓားစာခံ ၂၀၀ ကျော်ထဲမှ အစ္စရေးလ်အမျိုးသမီး ၂ ဦးကို တနင်္လာနေ့က လွှတ်ပေးခဲ့ပြီး ဒါဟာ လွှတ်ပေးခဲ့တဲ့ ဓားစာခံတွေထဲမှာ တတိယမြောက်နဲ့ စတုတ္ထမြောက် ဖြစ်လာပါတယ်။

 

အစ္စရေးလ်ဟာ လူဦးရေသိပ်သည်းတဲ့ ဂါဇာကမ်းမြောင်ကို တိုက်ခိုက်ဖို့ နှောင့်နှေးနေမှာ မဟုတ်ဘဲ မြေပြင်တိုက်ခိုက်မှုကြီး ပြုလုပ်ရန် သေချာပြင်ဆင်ထားတယ်လို့လည်း သဘောမြင်တွေ့နေရပါတယ်။

 

အစ္စရေးလ်အနေနဲ့ ကိုယ့်တိုင်းပြည်ကို ကာကွယ်ခွင့်ရှိတယ်လို့ အများမြင်ကွင်းမှာ အမေရိကန်က ပြောကြားထားပေမယ့် အိမ်ဖြူတော်၊ ပင်တဂွန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကတော့ အစ္စရေးလ်တို့နဲ့ သီးသန့်ပြောဆိုရာမှာ သတိပေးပြောကြားခဲ့တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ် ၂ ခုက ဆိုပါတယ်။

 

အမေရိကန်ရဲ့ အဓိကဦးစားပေးက ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ ညှိနှိုင်းမှုများ ပြုလုပ်ရန်အတွက် အချိန်ရချင်နေတာ ဖြစ်ပါတယ်။

 

အစ္စရေးလ်အနေနဲ့ ဟားမတ်စ်တို့ကို လက်တုန့်ပြန်ရာမှာ အရပ်သား အများအပြား ထိခိုက်ပြီး ပါလက်စ်တိုင်းတွေနဲ့ အစဥ်အဆက် သွေးကွဲစေမယ့် လုပ်ရပ်မျိုး မပြုလုပ်စေဖို့ အမေရိကန်သမ္မတဟောင်း အိုဘားမားက သတိပေးလိုက်ပါတယ်။

 

‘’ဂါဇာကိုတိုက်ခိုက်ရာမှာ အခုတောင် ပါလက်စ်တိုင်း ထောင်နဲ့ချီ သေဆုံးထားပြီး ကလေးအများအပြားလည်း ပါဝင်နေပါတယ်။ လူပေါင်းသန်းချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်’’ လို့ ဆိုရှယ်မီဒီယာတစ်ခုမှာ ကြေညာထားပါတယ်။

 

ထိုဒေသကို စားနပ်ရိက္ခာ၊ ရေ၊ လျှပ်စစ်မီး ဖြတ်တောက်ထားဖို့ အစ္စရေးလ်အစိုးရ ဆုံးဖြတ်ထားတာဟာ စစ်ဘေးဒုက္ခသည် အကြပ်အတည်း ပိုမိုဆိုးရွားစေရုံမက မျိုးရိုးအစဥ်အဆက် ပါလက်စ်တိုင်းတို့ရဲ့ သဘောထားရပ်တည်ချက် တင်းမာလာနိုင်ကြောင်း၊ အစ္စရေးလ်အပေါ် တစ်ကမ္ဘာလုံးရဲ့ ထောက်ခံမှု ယိုယွင်းလာနိုင်ကြောင်း၊ အစ္စရေးလ်ရန်သူတွေရဲ့ ကစားကွက်ထဲသို့ ရောက်ရှိသွားနိုင်ကြောင်း၊ နှစ်ရှည်လများ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းမှုများ ပျက်ပြားခြင်းတို့ ပေါ်ပေါက်လာနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကာ ဟားမတ်စ်တို့ ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချကြောင်း၊ အစ္စရေးလ်တို့ ကိုယ်ပိုင်ခုခံပိုင်ခွင့်ကိုလည်း ထောက်ခံကြောင်း ဆိုလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာရှိ ပစ်မှတ်ပေါင်း ၃၂၀ ကျော်ကို တိုက်ခိုက်ခဲ့ရာ ဟားမတ်စ်တိုက်ခိုက်ရေးသမားများ ခိုလှုံတဲ့လှိုဏ်ခေါင်း၊ ကင်းစောင့်စခန်းဒါဇင်ခန့်၊ တင့်ကားဖျက်ဒုံးကျည်နေရာတွေကို ထိမှန်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောကြားလိုက်ပါတယ်။

 

#World_News #ဟားမတ်စ် #အမေရိကန်နှင့်အိုဘားမား #အစ္စရေးလ်အားသတိပေး #Source: Reuters