Published 23 October 2023 

 
အစာအဆိပ်သင့်ခြင်းနဲ့ အစာအိမ်တုပ်ကွေး (အစာအိမ်ရောင်ရမ်းခြင်း) တို့ဟာ အစာအိမ်အူလမ်းကြောင်း ရောဂါများဖြစ်ကြပြီး ရောဂါလက္ခဏာ ဆင်တူပေမယ့် ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ကုသပုံတွေကတော့ ကွဲပြားပါတယ်။
 
အစာအဆိပ်သင့်ခြင်းဟာ ရောဂါပိုးပါတဲ့ အစားအသောက်များ စားမိတာကြောင့်ဖြစ်ပြီး ဆယ်လ်မွန်နဲလား၊ အီးကိုလိုင်တို့လို ဘက်တီးရီးယားများ၊ နိုရိုဗိုင်းရပ်စ်၊ အသည်းရောင်အသားဝါအေဗိုင်းရပ်စ်၊ ကပ်ပါးကောင်များ၊ အဆိပ်အတောက်များကြောင့် ဖြစ်နိုင်ပါတယ်။ 
 
အစာအိမ်ရောင်တာကတော့ နိုရိုဗိုင်းရပ်စ်၊ အက်ဒီနိုဗိုင်းရပ်စ်၊ ရိုတာဗိုင်းရပ်စ်တို့ကြောင့် အဓိကဖြစ်ပွားပါတယ်။ 
အဆိုပါ ဖြစ်ရပ်နှစ်ခုကို ခွဲခြားရန် ခက်ခဲပေမယ့် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေရှိပါတယ်။ 
 
(၁) ရောဂါလက္ခဏာ အစပျိုးချိန် 
အစာအဆိပ်သင့်ခြင်းဟာ ရောဂါပိုးရှိတဲ့ အစားအစာတွေကို စားမိပြီး နာရီပိုင်းအကြာမှာပဲ လက္ခဏာစပြပြီး အစာအိမ်တုပ်ကွေးကတော့ ၁၂ နာရီမှ ၄၈ နာရီအတွင်းမှ စပြတတ်ပါတယ်။ 
 
(၂) ရောဂါအစပြုနေရာ 
ဒီအစားအစာကိုပဲ လူအများကစားမိပြီး လက္ခဏာပေါ်တယ်ဆိုရင် အစာအဆိပ်သင့်ခြင်းဖြစ်ပြီး အစာအိမ်ရောင်ရမ်းခြင်းကတော့ ရောဂါဖြစ်သူနဲ့ အနီးကပ်ထိတွေ့ခြင်းမှ ကူးစက်တတ်ပါတယ်။ 
 
(၃) အော့အန်ခြင်း 
ဆက်တိုက်အော့အန်နေတယ်ဆိုရင် အစာအိမ်တုပ်ကွေးရဲ့ လက္ခဏာဖြစ်ပါတယ်။ 
 
(၄) ဝမ်းပျက်ဝမ်းလျှောခြင်း 
ရောဂါနှစ်မျိုးစလုံးက ဝမ်းလျှောတတ်ပေမယ့် အစာအဆိပ်သင့်ခြင်းက ချက်ချင်းဝမ်းပျက်တတ်ပြီး ပိုမိုပြင်းထန်လေ့ရှိပါတယ်။ 
 
(၅) ဖျားနာခြင်း 
အစာအိမ်တုပ်ကွေးက ဖျားနာလေ့ရှိပြီး အစာအဆိပ်သင့်ရင်တော့ ဖျားနာတာမျိုး ရှိသလို မဖျားတာလည်း ဖြစ်နိုင်ပါတယ်။ 
 
(၆) ဗိုက်အောင့်ခြင်း 
ရောဂါနှစ်မျိုးစလုံးကြောင့် ဗိုက်အောင့်ဗိုက်နာတတ်ပေမယ့် အစာအဆိပ်သင့်တဲ့အခါ အချိန်တိုအတွင်း အပြင်းအထန် အောင့်တတ်ပြီး အစာအိမ်တုပ်ကွေးကတော့ အချိန်ကြာတဲ့အထိ အနည်းငယ်မျှ အောင့်နာတတ်ပါတယ်။ 
 
(၇) ရောဂါခံစားမှုကြာရှည်ချိန် 
အစာအဆိပ်သင့်ခြင်းဟာ ၂၄ နာရီမှ ၄၈ နာရီအတွင်း သက်သာသွားတတ်ပေမယ့် အစာအိမ်ရောင်ခြင်းကတော့ ရက်ပိုင်းအတွင်းကနေ ရက်သတ္တပတ်မျှ ကြာမြင့်တတ်ပါတယ်။ 
 
(၈) ဝမ်းသွေးပါခြင်း 
ဖြစ်တာရှားပေမယ့် ဝမ်းထဲမှာ သွေးပါရင် အစာအဆိပ်သင့်ခြင်း ဖြစ်ဖို့များပါတယ်။ 
 
(၉) ရေဓာတ်ခန်းခြောက်ခြင်း 
ရောဂါနှစ်မျိုးစလုံးက အော့အန်ခြင်း ဝမ်းလျှောခြင်းတို့ ဖြစ်တတ်တာကြောင့် ရေဓာတ်ခန်းခြောက်စေနိုင်ပါတယ်။ 
ရောဂါလက္ခဏာတွေက ကြာရှည်ပြီး ပိုဆိုးရွားလာတယ်ဆိုရင် ကျန်းမာရေးပညာရှင်များနဲ့ တိုင်ပင်ပြသသင့်ပါတယ်။ 
Source: NDTV 
#World_Health
#YMG #Yangon_Times #Yangon_Media_Group