#World_Health
Published 16 October 2023


ရောဂါနောက်ဆက်တွဲ လက္ခဏာတွေ ဖြစ်တတ်တာဟာ ကိုဗစ်ရောဂါ တစ်ခုတည်းမဟုတ်ဘဲ အခြားရောဂါတွေဟာလည်း လက္ခဏာများ ကျန်ရှိနေတတ်တယ်ဆိုတဲ့ အထောက်အထားများကို လန်ဒန် ကွင်းမယ်ရီတက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။

 

အခြားသော အသက်ရှူလမ်းကြောင်း ရောဂါတွေဟာလည်း နောက်ဆက်တွဲ လက္ခဏာများ ရှိနေတယ်လို့ Lancet ဆေးဘက်ဆိုင်ရာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

ယခုနှစ် အစောပိုင်းမှာ ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲလက္ခဏာများ အကြောင်း အများအပြား တွေ့ရှိခဲ့ပြီးနောက် အခြားရောဂါများမှာလည်း အလားတူမျိုး ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြကာ သုတေသန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ကိုဗစ်၁၉ရောဂါ ကူးစက်ဖူးသူတွေဟာ အစာအိမ် အူလမ်းကြောင်း၊ အာရုံကြော၊ အရိုးငြမ်းနှင့်ကြွက်သား၊ နှလုံးနှင့်အဆုတ် ပြဿနာများ ပိုပြီးဖြစ်နိုင်ချေရှိကာ ပိုပြီးပြင်းထန်နိုင်ချေ ရှိနေပါတယ်။

 

ကိုဗစ်နောက်ဆက်တွဲ လက္ခဏာတွေထဲမှာ အနံ့အရသာ ပြဿနာများ၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းစတဲ့ လက္ခဏာများ ပိုပြီးဖြစ်ပွားနိုင်ပါတယ်။

 

ကိုဗစ်ရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရသူတွေဟာ နောက်ဆက်တွဲလက္ခဏာများ ပိုမိုပြင်းထန်နိုင်ပြီး နေထိုင်မှုဘဝ အခြေအနေ ယုတ်လျော့လာနိုင်ပါတယ်။

 

အခြားသော အသက်ရှူလမ်းကြောင်း ရောဂါများမှ နောက်ဆက်တွဲလက္ခဏာများကိုလည်း မသိရှိကြတာမျိုး ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ ယူဆထားကြပါတယ်။

 

ကိုဗစ်နဲ့ အခြားရောဂါများရဲ့ နောက်ဆက်တွဲလက္ခဏာတွေ အဓိကကွာခြားတာတွေက မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အနံ့အရသာ ပြဿနာတို့ ဖြစ်ပါတယ်။

 

အဆိုပါ သုတေသန အချက်အလက်များဖြင့် လူနာများကို ကောင်းစွာစောင့်ရှောက်နိုင်ကာ အသက်ရှူလမ်းကြောင်းရောဂါတွေရဲ့ နောက်ဆက်တွဲလက္ခဏာများအကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ပိုမိုနားလည်လာစေမှာ ဖြစ်ပါတယ်။  

 

#World_Health #ကိုဗစ်ရောဂါ ##နောက်ဆက်တွဲလက္ခဏာ #Source: The Jerusalem Post